တွံတေးငါးလုပ်ငန်း သိပ္ပံကျောင်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်

 

ရန်ကုန် နိုဝင်ဘာ ၃၀

 

မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူတို့၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းသစ်များနှင့်အတူ လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးငါးလုပ်ငန်း သိပ္ပံကျောင်းကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ငါးလုပ်ငန်း သိပ္ပံကျောင်းသည် ရန်ကုန်မြို့မှ ၂၆ ဒသမ ၉၅၆ ကီလိုမီတာကွာဝေးပြီး တွံတေးခရိုင်အတွင်းရှိ ဇီးဖြူကုန်းကျေးရွာနှင့် မြဂိုးကျေးရွာအကြား ဇီဖြူကုန်းချောင်း နံဘေးတွင်တည်ရှိ၍ အသက်မွေးဝမ်းကျောင်း အတတ်သင်ကြားမှုပုံစံ(Vocational Training Style) တွင် ပထမနှစ်၌ သီအိုရီဆိုင်ရာသင်ကြားမှု (၆၀) ရာခိုင်နှုန်းနှင့် လက်တွေ့ ဆောင်ရွက်ခြင်း (၄၀) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် သီအိုရီဆိုင်ရာ သင်ကြားမှု (၅၀) ရာခိုင်နှုန်း နှင့် လက်တွေ့ဆောင်ရွက်ခြင်း (၅၀) ရာခိုင်နှုန်း၊ တတိယနှစ်၌ သီအိုရီ ဆိုင်ရာသင်ကြားမှု (၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း (၇၀) ရာခိုင်နှုန်းဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။

 

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ (၃) နှစ်သင်တန်း၌ သင်ကြားပေးမည့် ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ငါးအမျိုးအမည်သရုပ်ခွဲခြင်း၊ ငါးစာ အာဟာရ/ ငါးအစာနှင့် ငါးစာကျွေးခြင်း၊ မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ၊ ရေချိုငါးသယံဇာတနှင့် ဂေဟစနစ်၊ ငါးလုပ်ငန်းဆိုင်ရာဇီဝဗေဒ၊ ငါးသားဖောက်ရုံ စီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ၊ ငါးမွေးကန် စီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ၊ ရေသတ္တဝါမွေးမြူရေး အင်ဂျင်နီယာပညာ၊ ဇီဝကမ္မဗေဒ၊ ငါးမျိုးရိုးဗီဇဆိုင်ရာ၊ ငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာ၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု၊ စီမံကိန်းရေဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတ ဂေဟဗေဒနှင့် ရေသတ္တဝါ ရောဂါဗေဒ စသည့်ဘာသာရပ် (၁၇) မျိုးကို သင်ကြားပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်ကာ (၃)နှစ်သင်တန်းပြီးမြောက် အောင်မြင်ပါက Diploma in Fisheries and Aquaculture လက်မှတ်ကို အပ်နှင်းပေးမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ငါး/ပုစွန်မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် ငါး/ပုစွန်မွေးမြူရေး အတတ်ပညာရှင်များ မွေးထုတ်ပေးရန်၊ ရေသတ္တဝါမွေးမြူမှုကို စိတ်ပါဝင်စားသော တက္ကသိုလ်ဝင်တန်း အောင်မြင်သူတို့အတွက် အဓိကဘာသာရပ်တစ်ခုအဖြစ် စာတွေ့လက်တွေ့သင်ကြား နိုင်မည့် အခွင့်အလမ်းများရရှိနိုင်စေရန်နှင့် ပညာရပ်ဆိုင်ရာနှင့် ကိုက်ညီသော အလုပ်အကိုင် အခွင့်အလမ်း ရရှိလာနိုင်စေရန်၊ မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် မွေးမြူရေး တောင်သူများ အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန်၊ ရေနေပတ်ဝန်းကျင်၊ ရေပြင်ရှိ သက်ရှိအပင်များနှင့် သတ္တဝါများ၏ ဇီဝဗေဒနှင့် ဂေဟစနစ်၊ ရေနေသက်ရှိများ၏ ဓာတုဓာတ်များပါဝင်မှုနှင့် ၎င်းတို့ကို အသုံးပြုခြင်းဆိုင်ရာ အခြေခံပညာရပ်များကို နားလည်သိရှိစေရန်၊ ရေငန်ပတ်ဝန်းကျင်၌ ရေငန်ငါးလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန်၊ ရေငန်နေသက်ရှိများ၏ ဇီဝ၊ ဓာတုပါဝင်မှုနှင့် ရေငန်သယံဇာတ ထိန်းသိမ်းရေး ပညာရပ်ကို လေ့လာသိရှိနိုင်ရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ထောက်ပံ့မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သက်မွေးပညာ သင်တန်းကျောင်းများကဲ့သို့ နိုင်ငံတော်မှ ပညာသင် ထောက်ပံ့ကြေးကို တစ်ရက်လျှင် ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ကျောင်းဖွင့်ကာလတို့တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနတွင် ဒုတိယ လက်ထောက်ဦးစီးမှုးရာထူး ခန့်အပ်နိုင်ရေးကို ဆောင်ရွက်ပေးသွားမည့်အပြင် မွေးမြူရေးလုပ်ငန်းရှင်/ ကုမ္ပဏီများတွင် အလုပ်အကိုင် ရရှိရေးကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဒီပလိုမာ သင်တန်းအောင်မြင်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများကို ရန်ကုန်တက္ကသိုလ်တွင် B.Sc ( Fisheries and Aquaculture) သင်တန်း တက်ရောက်နိုင်ရန် ဝင်ခွင့်ဖြေဆိုခွင့်ကို ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် သင်တန်း၌ သင်တန်းသား (၄၄) ဦး ကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တွံတေးငါးလုပ်ငန်းသိပ္ပံကျောင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၀၀၁ ဒသမ ၀၈၃ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခု ပေါ်ထွန်းလာစေရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ညိမ်းသူ (သတင်းစဉ် )

ဓာတ်ပုံ - ကနူး