အရိုင်းစံပယ်

ယမန်နေ့မှအဆက်

‘မ’ နော် .... ဒါပဲ၊ မော်ပြောတဲ့အထဲမှာ ဂျော်နီ့ကိုကြိုက်တယ်ဆိုတာ မပါသေးဘူး”

“ဘာထူးလဲ၊ မင်း ဂျော်နီ့ကို ရုပ်ဆိုးတယ်လို့ထင်ရာကနေ ချောတယ်ထင်လာတာဟာ ချစ်လာလို့ပေါ့။ ပဒုမဇာတ်ကို မင်းကြားဖူးမှာပေါ့။ ပဒုမမင်းသားက သစ်သီးရှာသွားတော့ ပေါင်တိုနဲ့ အဝင်္ကဒေဝီမိဖုရားကြီးကျန်ခဲ့တယ်။ ဒီမိဖုရားကြီးဟာ အစကတော့ ပေါင်တိုကို ရွံလှချည်ရဲ့ဆိုပြီး အနား တောင်မကပ်ဘူး။ နောက်တော့ ရေကိုတိုက်ပေးရင်းကနေ ပေါင်တိုကို ချစ်စရာကြီးပါလားလို့ ဖြစ်လာတာဟာ ဘာသဘောလဲ။ ခြေတွေလက်တွေမရှိတဲ့ လူတစ်ယောက်အဖြစ်ကိုတောင်မေ့ပြီး ခုလို ကျေးဇူးရှင်ကို ဖောက်ပြန်တာဟာ ဘာသဘောလဲ။ ကိုယ့်စိတ်ကို လှည့်စားတာပဲ”

“‘မ’ နော်...တော်တော့၊ ‘မ’ ကို မော် မေးနေတာမဟုတ်ဘူး။ မွန့်ကိုမေးတာ”

မွန်က မော့်ဆံပင်ဖျားကလေးများကို သပ်၍ချော့လိုက်သည်။ ပြီးမှ ‘မ’ ဘက်သို့ ကြည့်၍ပြောလိုက်သည်။ 

“မဟုတ်ဘူး ‘မ’၊ အဝင်္ကဒေဝီနဲ့ ပေါင်တို ဖောက်ပြန်တာဟာ အချစ်ကြောင့်မဟုတ်ဘူး။ သွေးသားကြောင့်ပဲ။ ဖိုဓာတ်၊ မဓာတ် ထိတွေ့တဲ့သဘောအရ ဖောက်ပြန်တာ ဖြစ်ချင်ဖြစ်မယ်။ သွေးသားဆန္ဒ သက်သက်ကြောင့် ဖြစ်ချင်ဖြစ်မယ်။ ဒါဟာ အချစ်လို့မခေါ်နိုင်ဘူး”

မော်သည် မွန်၏စကားများကို စိတ်ဝင်တစား နားထောင်နေမိသည်။

မွန်ပြောသောစကားများတွင် သူသိလိုသောအချက်များ ပါနေသည်ကိုလည်း သတိထားလိုက်မိသည်။

“ယောက်ျားနဲ့မိန်းမ ထိတိုင်းသာ ဖောက်ပြန်မယ်ဆိုတာတော့ မော်မယုံဘူး။ ဒီလိုသာဆိုရင် မော်တို့ ယောက်ျားတွေနဲ့ တွဲကနေကြတာ၊ ကတဲ့ယောက်ျားတိုင်း ဖောက်ပြန်ကုန်ရောပေါ့”

ဒီလိုတော့ ဘယ်ဟုတ်မလဲ မော်ရဲ့၊ ကတာလည်း ကရင်းနဲ့ ဖောက်ပြန်ချင်လည်း ဖောက်ပြန်မယ်။ ကတယ် ဆိုတဲ့အာရုံထဲမှာ ဝင်စားပြီး တကယ်ကနေရင်တော့လည်း ဖောက်ပြန်ချင်မှ ဖောက်ပြန်မယ်။ ဒါပေမဲ့ အဲဒီ့ယောက်ျားတွေနဲ့ တစ်နေရာမှာ နှစ်ယောက်ချင်းတွေ့ပြီး လက်ကလေးကို ကိုင်ကြည့် လိုက်စမ်း။ မင်းစိတ်ဟာ အလိုလိုလှုပ်ရှားလာမယ်။ ဖိုဓာတ်၊ မဓာတ် သဘာဝဟူသမျှဟာ ဆန့်ကျင်ဘက်ချည်းပဲ။ ဒါနှစ်ခု သွားပြီးထိတွေ့ရင် လှုပ်ရှားမှုတစ်ခုတော့ဖြစ်လာတာပဲ”

မော်သည် မွန်၏စကားကို တအံ့တဩနားထောင်မိသည်။ မွန်ပြောသောစကားများသည် မော်ကြုံခဲ့ရသောအဖြစ်နှင့် လုံးလုံးတိုက်ဆိုင်၍နေတော့သည်။

‘မွန်က သိပ်တော်တာပဲ။ မွန်ပြောတာတွေဟာ သိပ်မှန်တာပဲ။ မော်လေကနေ့ စိတ်တွေလှုပ်ရှားနေတယ်။ ငိုချင်သလို ရယ်ချင်သလိုပဲ”

မော်သည် ပြောရင်းဆိုရင်းပင် မွန့်ကို ဖက်၍ ရှိုက်နေတော့သည်။ 

မွန်က မော့်မျက်နှာကလေးကို အတင်း ဆွဲမော့လိုက်သည်။

“မော် ... မွန့်ကိုမှန်မှန်ပြောစမ်း၊ မင်း ကနေ့ည ဘာဖြစ်လာသလဲ။ မွန့်ကို မရှက်ပါနဲ့ ညီမရယ်။ အမှန်အတိုင်း ပြောစမ်းပါ၊ မင်း ဂျော်နီနဲ့ ဘာဖြစ်လာလဲ”

မွန်က မေးလိုက်မှ မော်သည် ပို၍ ဝမ်းနည်းလာဟန်ရှိသည်။ မွန့်ရင်ခွင်တွင် ခေါင်းကိုမြှုပ်ကာ အားပါးတရ ငိုချလိုက်သည်။ ‘မ’ သည် အိပ်နေရာမှ ထ၍ထိုင်လိုက်သည်။ မော့်အဖြစ်ကို နားမလည်နိုင်သလို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

“ဒါ ငိုစရာမဟုတ်ဘူး၊ မင်းဖြစ်လာ တာကိုပြောစမ်းပါ မော်” 

‘မ’ သည် မျက်နှာထားဖြင့် ငေါက်လိုက်သည်။ မွန်က မော့်ခေါင်းကလေးကိုမော့၍ ချော့လိုက်သည်။

“ပြောပါကွယ်၊ ညီမကို မွန်တို့ အပြစ်မတင်ပါဘူး။ ဂျော်နီက မော့်ကို ဘာလုပ်သလဲ”

“ဂျော်နီက မော့်ကို အပြင်မှာစကား ပြောရအောင်ဆိုပြီး ခေါ်သွားတယ်။ အပြင်ရောက်တော့ မော့်ကို ချစ်တယ်ဆိုပြီး အတင်းဖက်တာပဲ ...”

မော့်စကားကြောင့် ညီအစ်မနှစ် ယောက်စလုံးပင် မျက်လုံးပြူးသွားလေသည်။

“ဟင်...ဒါဖြင့်မော်က ဘာလို့ မွန်တို့ကို အော်ပြီးမတိုင်တာလဲ။ မော့်ကိုစော်ကားရင် ပါးရိုက်ခဲ့ပါလား”

“မဟုတ်ဘူး ... မဟုတ်ဘူး၊ မော် ဘာဖြစ်တာလဲမသိဘူး။ မော် သူ့လက်ထဲက ရုန်းလို့လည်းမရဘူး။ ရုန်းလည်း မရုန်းချင်ဘူး၊ မော်လေ ဂျော်နီရဲ့ရင်ခွင် ထဲမှာ အသာမှီချင်နေတယ်။ ဒါပေမဲ့ ကြောက်တယ်၊ ဘာလို့မှန်းမသိဘူး။ မော်ကြောက်တယ်၊ အခုတော့ မော် ဂျော်နီ့ကို သနားနေတယ်”

မွန်သည် သူ၏ နှုတ်ခမ်းကလေးကို အသာကိုက်ထားလိုက်သည်။ ‘မ’ ကမူ သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် အသာဖိထားလိုက်သည်။

“အင်း... ကောင်းကြပေါ့ မော်ရေ၊ မင်းတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခဖြစ်ချင်ပြီထင်တယ်။ ကဲ...ကဲ ... အိပ်တော့၊ ဒီည ဒီအကြောင်းမပြောနဲ့၊ နောက်မှ ‘မ’ တို့ အေးအေးဆေးဆေးပြောရအောင်။ ဒီညတော့ မေ့ပစ်လိုက်တော့၊ ကဲ ... လာ ... လာ ... အိပ်ရအောင်”

‘မ’ သည် မော့်ကိုတွဲ၍ သူ့အိပ်ရာပေါ်သို့ ကလေးငယ်ကို သိပ်သလို သိပ်လိုက်သည်။

ပြီးမှ စောင်ပါးတစ်ထည်ကို ခြုံပေးလိုက်သည်။ ခြင်ထောင်စများကိုလည်း မွေ့ရာအောက်တွင် ညှပ်ပေးလိုက်သည်။
 
မွန်သည် ဘာမျှပြန်မပြောတော့ချေ။ မော့်အတွက် ရင်လေးနေဟန်ရှိသည်။

‘မ’ ကိုယ်တိုင်လည်း မော့်အတွက် မကျေနပ်နိုင်အောင် ရှိတော့သည်။

မော့်အကြောင်းကို တွေးရင်းပင် ကိုဘခက်ပြောသောစကားများကို ပြေး၍ သတိရမိသည်။

“လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အလှည့်စားမခံရရင် တော်တယ်လို့ ဆိုရမှာပဲ မွန်။ ညနေက ဆရာကိုဘခက်ပြောတဲ့ စကားလေးကို ‘မ’ သိပ်ပြီးကြိုက်တယ်။ လောကမှာ ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့ လူတွေဟာ အလကားပဲတဲ့မွန်။ ဟုတ်တာပဲ၊ မော်ဟာ အမှန်တော့ သူ့ကိုယ်သူ လှည့်စားခံနေရတာပဲ။ အမှန်တော့ ဂျော်နီက မော့်ကို လွှမ်းမိုးနေပြီ” 

“မော့်ကိုတော့ပြောတယ်၊ ‘မ’ ကရော ဘယ်သူ့အလွှမ်းမိုးခံနေရသလဲ”

မော်သည် ရှိုက်နေရာမှ ‘မ’ ကို လှမ်း၍ ရန်တွေ့လိုက်သည်။ 

“အခု မော့်အကြောင်းပြောနေရင်း ဘာလို့ ဆရာကိုဘခက်က ပါလာသလဲ”

မော်၏အမေးကြောင့် ‘မ’ သည် သူ့ကိုယ်သူ မလုံသလိုဖြစ်မိလေသည်။ 

“ဆရာကိုဘခက် ပြောတဲ့စကားနဲ့ တိုက်ဆိုင်နေလို့ ပြောတာပေါ့မော်။ မင်းငါ့ကို စကားအကျအန မကောက်နဲ့နော်”
‘မ’ သည် အသံကလေးများပင်တုန်၍ လာသည်။

“အကျအနကောက်တာမဟုတ်ဘူး၊ ဟုတ်တာကိုပြောနေတာ။ ဘာလဲ ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့လူတွေဆိုတာ မော် က ဘယ်တော့မှမလိမ်ဘူး။ ခုလည်း လိမ်နေတာမဟုတ်ဘူး။ မော်ဖြစ်ချင် တဲ့အတိုင်း အမှန်ကိုပြောနေတာ။ ‘မ’ သာ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ”

“ကိုယ်လိမ်တာတွေ့ရင် ပြောပေါ့ကွာ။ ‘မ’ ဆိုလိုတာက မင်းကို လိမ်တယ်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းဟာ ငယ်သေးတယ်၊ လောကကြီးအကြောင်းကို မသိသေးဘူး။ မင်းကိုယ်မင်း ဘာဖြစ် တယ်ဆိုတာ မင်းကိုယ်တိုင် မသိဘူး။ ဒီတော့ မင်းဟာ လူတွေရဲ့ အလှည့်စားခံရတတ်တယ်။ ဒါကို ‘မ’ စိုးရိမ်လို့ ပြောတာ။ မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး”

‘မ’ သည် သူ့စိတ်ကိုသူ အတတ်နိုင်ဆုံး ချုပ်တည်း၍ ပြောလိုက်သည်။

ညီအစ်မချင်း ရန်ဖြစ်ရသည့်အဖြစ်ကို မရောက်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းလိုက်သည်။

မော်ကမူ ဆတ်ဆတ်ထိမခံဘဲ ပြန်၍ ရန်တွေ့လိုက်သည်။ 

“မော် အလှည့်စားခံရတယ်ပဲထားပါ။ မော့်လိုသာ ‘မ’ မဖြစ်ပါစေနဲ့”

ခုတစ်ကြိမ်တွင်မူ ‘မ’ သည် ဘာမျှပြန် မပြောတော့ချေ။ ပြန်ပြောနေလျှင်လည်း စကားရှည်နေမည်။ ပြေလည် သည့်အဖြစ်ကိုကား ရောက်တော့မည် မဟုတ်ချေ။

မွန်ကမူ သူတို့ပြောနေတဲ့စကားများ ကိုနားထောင်ရင်း သူ့ထင်မြင်ချက် ပေးလိုက်သည်။

“ဟုတ်တယ် ‘မ’၊ ဒီနေရာတော့ မွန်လည်း မော့်ဘက်က ထောက်ခံချင်တယ်။ လူတစ်ယောက်ကို အကြည်ညို လွန်ရင် အဲဒီလူရဲ့ အလွှမ်းမိုးခံရတတ်တယ်။ ဒါကိုတော့ ‘မ’ သတိထားရမယ်”

‘မ’ သည် မွန့်စကားကြောင့် ရှက်လည်းရှက် ဝမ်းလည်းနည်းမိသည်။ သူ့အဖြစ်ကိုပင် သူ ကြောက်သလိုရှိတော့သည်။ 

‘မ’ ရင်ထဲတွင် တဆတ်ဆတ်ခုန်လာသည်။ 

‘မ’ တို့အခန်းတစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိသည်။ ထိုအတွင်းဝယ် အောက်ထပ်ဆီမှ ကိုဘခက်၏ တယောသံသည် လွမ်းဆွတ်ကြေကွဲဖွယ်ရာ ‘မ’ တို့အခန်းတွင်းသို့ ပျံ့လွင့်လာသည်။

ကိုဘခက်သည် ထိုနေ့ညမှ ထူးထူးခြားခြား ဤသို့သောလွမ်းတေးကို အဘယ်ကြောင့် ဖွဲ့ဆိုလိုက်သည်ကိုကား ‘မ’ ကိုယ်တိုင် မစဉ်းစားရဲတော့ပေ။

[ ၆ ]

‘မ’ သည် ကိုဘခက်၏ စန္ဒရားသံကို နားထောင်ရင်း စိတ်ထဲတွင် လှုပ်ရှားနေမိသည်။ ကိုဘခက်တီးသော စန္ဒရားသံမှာ သီချင်းလည်းမဟုတ်၊ အစမ်းလည်း မဟုတ်။ နားထဲတွင် တစ်မျိုးဆန်းနေသည်။ ကိုဘခက်သည် သီချင်းတစ်ပုဒ် လောက်တီးလိုက်ပြီးလျှင် ရပ်သွားပြန်သည်။

နောက်တစ်ဖန် အသံစုံ စမ်းလိုက်ပြန်သည်။ စမ်းပုံမှာလည်း ခပ်ရိုးရိုး မဟုတ်။ အသံတစ်သံမှ တစ်သံသို့ ပြောင်း၍ ပြောင်း၍ စမ်းသွားပုံမှာ နားထဲတွင် ဆန်း၍နေသည်။ အသံပြောင်းတိုင်း ပြောင်းတိုင်းတွင် ‘မ’နားထဲတွင် အရသာခံရသည်မှာ တစ်နေရာမှ တစ်နေရာသို့ ရောက်၍သွားသလို ခံစားရလေသည်။ သို့ခံစားနေရင်းမှ တစ်ဖန် သီချင်းသံလိုလို တီးသံလိုလို တီးသံကို ကြားရပြန်သည်။

‘မ’ သည် ကိုဘခက်၏စန္ဒရားသံကို နားထောင်ရင်း ဂီတတွင် နစ်မျောနေသည်။ အမှန်၌ ကနေ့ ‘မ’ တို့အိမ်တွင် လူရှင်းသောနေ့ဖြစ်သည်။ တနင်္ဂနွေနေ့ ဖြစ်သည်ဟု ဆိုသော်လည်း မော်နှင့်မွန် တို့က ပျော်ပွဲစားလိုက်သွားသည်။ ‘မ’ မေမေက ပိုကာဒေါင်းသွားသည်။ ဦးကျော်ဒင်က အပေါ်ထပ်တွင် စာဖတ် နေသည်။

ဆက်လက်ဖော်ပြပါမည်။

အောင်လင်း