ရေစီးရေလာကောင်းမွန်စေရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဩဂုတ်  ၁၉

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက  နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့ လိုင်းခန်းသို့ သွားရောက်၍ အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေး ချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားပြီး ဈေးရောင်း ဈေးဝယ်သူများအား Mask များ ဝေငှသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်ရှိ လမ်းရေမြောင်းများနှင့် ရိုးကြီးချောင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက် အင်လျားကန် ရေပိုလွှဲသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ကန်စပ်တစ်လျှောက် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုနှင့် ကန်ရေပြင် ကြည်လင်စေရေး Aquamarine ယာဉ်ဖြင့် ကန်အတွင်းမှ ရေမှော်နှင့် ဒိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ ကန်ရေ အမှတ် ၄၈ ပေ ကျော်လာသဖြင့် ရေပိုလွှဲ ရေတံခါးများဖွင့်၍ ရေဖောက်ထုတ်နေမှုကိုလည်းကောင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်သို့ သွားရောက်၍ ကန်တော်ကြီးရေပိုလွှဲနှင့် ရေလျှံပေါက်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပသော ကော်မတီဝင်၊ ဌာနမှူးများနှင့် စည်ပင်သာယာ ခရိုင်အုပ်ချုပ်ရေးမှူးများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြို့တော်ဝန်က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်