အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၀) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဩဂုတ် ၁၉

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၀) သင်တန်းဆင်းပွဲကို ဩဂုတ် ၁၉ ရက် နံနက် ၇ နာရီခွဲက တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ / ဌာနမှူးများနှင့် တက္ကသိုလ် သင်ကြား / စီမံဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားတွင် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က “သင်တန်းသားများသည် မိမိဌာန၊ အဖွဲ့အစည်း ပတ်ဝန်းကျင်အတွက် တာဝန်ယူ တာဝန်ခံစိတ်ရှိရန် လိုအပ်သလို မိမိ၏ စိတ်ဓာတ်၊ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်ကို မြှင့်တင်ကြပြီး မိမိနိုင်ငံတော်နှင့် လူမျိုးအကျိုး ဖြစ်ထွန်းစေဖို့အတွက် ကောင်းမွန်သည့် ပြိုင်ဆိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ကောင်းမွန်တိုးတက်သည့် အနာဂတ်ကို ဖန်တီးပေးကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်းပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မှသာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း” သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်း ထူးချွန်ဆုများ ပေးအပ်ချီးမြင့်သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၂၈ ဦး၊ သင်တန်းသူ ၃၂၀ စုစုပေါင်း ၅၄၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၉ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်