မုဒုံမြို့၌ မျိုးကောင်းမျိုးသန့် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် ၁၅၁ ဧက စိုက်ပျိုး ပြီးစီး

မုဒုံ သြဂုတ် ၁၉

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် Rs–Cs စပါးမျိုးကောင်းမျိုးသန့်  မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၁၅၁ ဧကကို ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်၊ နည်းပညာသုံးစံပြကျေးရွာများဖြင့် စိုက်ပျိုးထားသည်။

 

မုဒုံမြို့နယ်  စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ် မျိုးသန့်မျိုးစေ့ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်းနှင့်  ကင်းထောက်စစ်ဆေးပေးခြင်း၊ အလေလွင့်နည်းပါးစေရန်နှင့် အရည်အသွေး ကောင်းမွန်စေရန် ဓာတ်မြေသြဇာ စနစ်တကျ အသုံးပြုစေခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပေးကာ ကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ သမဝါယမနှင့် ချိတ်ဆက်ပြီး မျိုးစေ့ထုတ်တောင်သူအသင်း အဖွဲ့အစည်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

သားငယ်(မုဒုံ)