ဆန်စက်မှ ဘေးထွက်ပစ္စည်းများဖြင့်  သဘာဝမြေဩဇာအမျိုးမျိုးပြုလုပ်သုံးစွဲနည်း သရုပ်ပြ

နေပြည်တော် ဩဂုတ်  ၁၉

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာအနီး၊ ရွှေဟိန်းဆန်စက်မှ ဘေးထွက်ပစ္စည်းဖြစ်သည့် (စပါးခွံ၊ ဖွဲပြာ၊ ဖွဲနု)များဖြင့် ကောက်ရိုးများ၊ (EM)ဖျော်ရည်များ၊ နွားချေးများ ပါဝင်ပြုလုပ်သော သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်း သင်တန်းနှင့် သရုပ်ပြပွဲကို ဩဂုတ် ၁၈ ရက်က အဆိုပါဆန်စက်ဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ သင်တန်းနှင့်သရုပ်ပြပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တက်ရောက်လာကြသော  စိုက်ပျိုးရေးတောင်သူများ၊  ဆန်စက်ပိုင်ရှင်များ၊  ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများအား အမှာစကား ပြောကြားပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က သဘာဝမြေဩဇာသုံးစွဲမှု၊ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥတ္တရခရိုင်၊ မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ခင်မိုးက မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်းများမှ သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များက (EM)ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း၊ စူပါဘိုကာရှီ ပြုလုပ်နည်း၊ (Biochar) စပါးခွံမီးသွေး ပြုလုပ်နည်းများကိုလည်းကောင်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်