ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၅

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်း၊ (၁) (၂) ရပ်ကွက်နှင့် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်အကြား ကမာရွတ်ချောင်းသို့ သွားရောက်၍ ချောင်းအတွင်း အမှိုက်များ၊ သဲမြေများ ရှင်းလင်းနေမှု၊ ချောင်းစပ်တစ်လျှောက် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ရုံးအတွင်း ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ ရုံးခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရုံးဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လုံခြုံရေးများ အထူးကြပ်မတ်ရန်၊ ရုံးအဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ ကသွယ်ချောင်းသို့ သွားရောက်၍ ချောင်းအတွင်း အမှိုက်များ၊ နုန်းများနှင့် သဲမြေများကို Excavator ယန္တရားယာဉ်ဖြင့် ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်