မိုးညှင်းဗဟိုအကျဉ်းထောင်သို့ ခရိုင်တရားသူကြီး သွားရောက်စစ်ဆေး

မိုးညှင်း ဩဂုတ်  ၁၃

 

အကျဉ်းဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မိုးညှင်း ဗဟိုအကျဉ်းထောင်သို့ မိုးညှင်းခရိုင် တရားသူကြီး ဦးဆောင်သည့် တာဝန်ရှိသူများက ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ခံအရာရှိရုံးခန်း၌ မိုးညှင်း ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က အကျဉ်းဦးစီးဌာန၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ခရိုင်တရားသူကြီး ဒေါ်ခင်အေးအေးလင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန်၊ ဥပဒေ ခံစားခွင့်များ အပြည့်အဝရရှိရေးနှင့် အကျဉ်းထောင် စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ဗဟိုအကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ မရောက်ရှိ စေရေးအတွက် ကြပ်မတ်ဆောင်ရွက်စေရန်နှင့် ခရီးကွာဝေးသဖြင့် ရုံးထုတ်တရားခံများ၏ လုံခြုံရေးများ ကို အထူးကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ခရိုင်တရားသူကြီးသည် အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်များသို့ သွားရောက်၍ အကျဉ်းသား အကျဉ်းသူ ၁၁၇၉ ဦး၊ အချုပ်သား အချုပ်သူ ၇၇ ဦး စုစုပေါင်း ၁၂၅၆ ဦးတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သား အချုပ်သူများက အမှုအကြောင်း အရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို တင်ပြကြရာ ခရိုင်တရားသူကြီးက ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)