တာချီလိတ်မြို့၌ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အချို့ရေနစ်မြုပ်မှု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

တာချီလိတ်      ဩဂုတ်      ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ် ၁၁ ရက် ညမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် မယ်ဆိုင်ချောင်းရေသည် ဗိုလ်ချုပ်လမ်းမကြီး၊ ရပ်ကွက်နှင့် ကျေးရွာအချို့သို့ ဝင်ရောက်ခဲ့ပြီး ဩဂုတ် ၁၂ ရက် ညမှစ၍ မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ရေဘေးသင့် ပြည်သူများအား ထမင်းထုပ်၊ သောက်ရေသန့်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ရေနစ်မြုပ်မှုများဖြစ်ပွားရာ နေရာများသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သော တပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဦးကျော် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ နေစရာ အခက် အခဲရှိသူများအား မြို့နယ်အားကစားရုံတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စီစဉ်ပေးခြင်း၊ နေအိမ်များအတွင်း ပိတ်မိသောသူများအား ကူညီကယ်ထုတ်ပေးခြင်းနှင့် ရေဘေးသင့် ပြည်သူများအား ထမင်းထုပ်၊ ခေါက်ဆွဲကြော်ထုပ်များနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)