နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၁၂

 

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ "၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစား နည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်/လူရွယ်အများအပြား စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်ကစား နိုင်သည့်  ကိုယ်ခံပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် ၁၉၆၅ ခုနှစ်၊ (၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ၂၀၁၉ ခုနှစ်၊ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ်(၂၅)ခု၊ ငွေတံဆိပ်(၆၂)ခုနှင့် ကြေးတံဆိပ်(၇၄)ခုတို့ကို ဆွတ်ခူးရရှိခဲ့ ပါကြောင်း၊ ထို့ပြင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ဂျူဒိုအားကစား နည်းဖြင့် ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၂)ခု၊ ကူရတ်အားကစားနည်းဖြင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ဆွတ်ခူးရယူပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများမှ ထူးချွန်မျိုး ဆက်သစ်အားကစားသမားများကို စနစ်တကျလေ့ကျင့်ပျိုးထောင် ပေးရန်နှင့် အောင်မြင်မှုအစဉ် အလာကောင်းများကို မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်အနေဖြင့် ဆက်လက် ထိန်းသိမ်း ထားရန်လိုကြောင်း။

 

နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက် ရရှိစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအတွက် ထောက်ပံ့ကူညီနိုင်ရေး အစီအမံများကိုလည်း‌ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများအနေဖြင့် ယှဉ်ပြိုင်ခြင်း သည်အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓါနကျသည်ဆိုသော ခံယူချက်နှင့် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်းစိတ်ဓါတ် အပြည့်အဝဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလို ကြောင်း ပြောကြားပြီး "၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ပြီး ပထမနေ့ ဂျူဒိုပြိုင်ပွဲ(အမျိုးသား)ခတ ပွဲစဉ် နှစ်ယောက်တွဲအသင်းလိုက် ပြိုင်ပွဲသရုပ်ပြ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ "၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီးအသင်း(၁၃)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၁၃)သင်းမှ အသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား အင်အားစုစုပေါင်း (၂၃၇)ဦးဖြင့် ပြိုင်ပွဲကာလ ဩဂုတ်(၁၂)ရက်မှ (၁၆)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)