တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်ရေးသင်တန်း                         အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်   ဩဂုတ် ၁၁
    
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးသင်တန်း                         အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
    
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့်သင်တန်းသည် ဝန်ကြီးဌာနရှိ  အင်္ဂလိပ်စာအခြေခံကောင်းသူများကို စိစစ် ရွေးထုတ်၍  အင်္ဂလိပ်စာစွမ်းရည်  အဆင့်မြှင့်တင်  လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းက   အထောက်အကူပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ် စာကို လေ့လာရာတွင် "Never too late to learn ပညာလို အိုသည်မရှိ" "Lifelong Learning ဘဝတစ်လျှောက်လုံး လေ့လာမှုများ ပြုလုပ်နေရမည်” ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် ယခုသင်တန်းအပေါ် အခြေခံ၍ စဉ်ဆက်မပြတ် လေ့လာ သင်ယူမှုများပြုလုပ်သွားမည် ဆိုပါက ပိုမိုစွမ်းရည်ပြည့်ဝသော အရာထမ်း၊ အမှုထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို လက်တွေ့ နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ အင်္ဂလိပ်စာကို မိမိကိုယ်ပိုင်အချိန်များတွင်လည်း အင်တာနက်အပါအဝင် နေရာစုံမှ ဆက်လက်လေ့လာသွားကြရန်နှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုမှတဆင့် သက်ဆိုင်ရာ ပညာရပ် နယ်ပယ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် ကြိုးစားကြစေလိုကြောင်း၊ အပြန်အလှန် သင်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက်   ဆောင်ရွက်ကြပြီး   မိမိဘဝ တိုးတက်ရေး၊ မိမိဌာန တိုးတက်ရေးမှသည်  မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ သယ်ပိုးဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။
    
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကို  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ဆုရရှိသည့် သင်တန်းသူ (၃)ဦးကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)