နိုင်ငံတော်ဘာသာနေ့(အထိမ်းအမှတ်)နှင့် မေတ္တာအခါတော်နေ့အခမ်းအနားကျင်းပ 

ရန်ကုန် ဩဂုတ် ၁၁                                           
    
မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အရှည်တည်တံ့ ပြန့်ပွားစေရန် ရည်ရွယ်၍ (၆၁)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့(အထိမ်းအမှတ်)နှင့် မေတ္တာအခါတော်နေ့ အခမ်း အနားကို  ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်တောင်ပိုင်း ပုလဲ ရတနာလမ်းရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက် ၌ကျင်းပသည်။ 
          
အခမ်းအနားတွင် ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်  ရွှေရတုခန်းမ၌တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလ က္ခန္ဓာဘိဝံသ ထံမှ  ဧည့်ပရိသတ်များက  ရှစ်ပါးသီလ ခံယူဆောက်တည်  ကြသည်၊၊
             
ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း ရန်ကုန်တိုင်း ဒေသကြီးမှတာဝန်ရှိသူများ နှင့်အလှူရှင်များက ဆရာတော်၊သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိပိဋကဓရ ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ  ထံမှ အနုမောဒနာတရား နာယူ ပြီးရေစက်ချ အမျှပေးဝေခဲ့ ကြသည်။
          
 အခမ်းအနား ပထမပိုင်းတွင် ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်ကျောင်းဝင်း အတွင်း  ဘာသာရေးဝတ်အသင်းအဖွဲ့ပင့်ဆောင်ရေးအဖွဲ့မှ အသက်အရွယ်အပိုင်းအခြား အလိုက် သာသနာ အောင်လံကို ကိုင်ဆောင်လျှက်  လက်ဆင့်ကမ်းသယ်ဆောင်ကာ  ရွှေရတု တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဏာဂါရိက၊ တိပိဋကပါဠိပါရဂူမော်ကျွန်းဆရာတော်နှင့် သံဃာတော်များထံ ဆက်ကပ်ပြီးနောက် သာသနာ့အောင်လံကို တိုင်ထိပ်သို့ လွှင့်ထူ ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက ပဌာန်း ၂၄ပစ္စည်း ပစ္စယ ဥပဒေသများကို သုံးကြိမ်ရွတ်ဆိုခြင်း၊ ဇိဝိတဒါနအဖြစ်ဌက်များ ဘေးမဲ့ လွတ်ခြင်းတို့ကို   ပြုလုပ် ဆောင်ရွက်ကြခဲ့သည်၊၊

(သတင်းစဉ်)