မူဆယ်မြို့တွင် ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် ဆိုင်ကယ်စီးပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေ

မူဆယ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၃)နှင့် ဆေးရုံကြီးရှေ့တွင် ယနေ့ နံနက် ၁၁ နာရီခွဲက ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် ဆိုင်ကယ်စီးပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့လုံခြုံရေးနှင့်ပူးပေါင်း၍ ဆိုင်ကယ်မောင်းနှင်သည့် ကျောင်းဆရာ/ဆရာမများနှင့် ပြည်သူ ၅၀ ခန့်အား လုံခြုံစိတ်ချရသည့် ဆိုင်ကယ်ဦးထုပ် တစ်လုံးလျှင် ကျပ် ၂၀၀၀၀ တန်ဖိုးရှိ အလုံး ၅၀ ကို အခမဲ့ပေးဝေခဲ့ပြီး ယာဉ်အန္တရာယ်ကင်းစေရန်အတွက် ဆိုင်ကယ်များအား ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (mask) များ အခမဲ့ပေးဝေခဲ့သည်။

ဆက်လက်၍ ဒုရဲမှူးကျော်ဇင်လတ်က ဆိုင်ကယ်စီးလျှင် လုံခြုံစိတ်ချရသည့် ဦးထုပ်များဆောင်းခြင်း၊ မေးသိုင်းကြိုး မလျော့လွန်း မတင်းလွန်းတပ်ခြင်း၊ (၂)ဦးထက် ပိုမစီးရန်၊ (၂)ဦးစီးလျှင်လည်း (၂)ဦးလုံး ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်နံပါတ်ပြားများ တပ်ဆင်ရန်၊ ဘရိတ်များ ကောင်းမကောင်းစစ်ဆေးရန်၊ မူးလျှင်မမောင်းရန်နှင့် မောင်းလျှင်မမူးရန်တို့ကို လိုက်နာဆောင်ရွက်ရန်တို့ကို ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)