ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာစေဖို့ လက်ဆင့်ကမ်း သွန်သင်ဆုံးမပေးကြစို့ ...

 

ခင်သန်းမြင့်

 

“လူကြီးတွေရှေ့ကသွားရင် ခေါင်းငုံ့သွား”

“ပစ္စည်းပေးရင် လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ပေး”

သမီးဖြစ်သူက မြေးမလေးကို သွန်သင်ဆုံးမ နေတဲ့စကားသံတွေကြားရတော့ စိတ်ထဲမှာ ကျေနပ် ပီတိဖြစ်ရတယ်။ မြေးမလေးက ဒီနှစ်မှ KG တန်းကို ကျောင်းစတက်ရတာ။ မြေးငယ်လေးတို့လို နုနယ် တဲ့အရွယ်ဆိုတာ အလွန်ဖြူစင်သန့်ရှင်းတဲ့ပိတ်စ နဲ့တူပါတယ်။ ပထမဦးဆုံးတွေ့ထိတဲ့အရောင်ကြောင့် အစွန်းအကွက်စွဲသွားနိုင်တယ်။ အရောင် စွဲထားပြီးပြီဆိုရင် ဖွပ်လို့လျှော်လို့မပျက်ချင်တော့ဘူး။ လွယ်လွယ်နဲ့အခါခါချွတ်မရတိုင်း ရိုက်နှက် ဖွပ်လျှော်ရင်လည်း အထည်သားစုတ်ပြတ်ပျက်စီးတာသာ အဖတ်တင်မယ်။ ဒါ့ကြောင့် ဘာအရောင်မှ မစွန်းထင်းခင်မှာ လူကြီးမိဘတွေက သတိထားပြီး ဆုံးမပဲ့ပြင်ပေးကြရတာဖြစ်ပါတယ်။

 

ဆုံးမသွန်သင်ပေးခဲ့

 

ကျွန်မတို့ငယ်ငယ်ကလည်း မိဘမောင်ဖား၊ ဒေါ်ကြီး၊ ဒေါ်လေးတို့က ဒီလိုပဲဆုံးမသွန်သင်ပေးခဲ့တာပါပဲ။ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်ကြီးတဲ့ သူတွေနဲ့ လမ်းမှာတည့်တည့်ဆုံရင် လမ်းရှောင်ပေးဖို့၊ ကား၊ ရထားတွေပေါ်မှာဆုံရင် နေရာဖယ်ပေးဖို့၊ လူကြီးတွေအနီးကဖြတ်သွားရင် ခပ်ယို့ယို့လေးသွားဖို့၊ တစ်စုံတစ်ခုပေးစရာရှိရင် လက်နှစ်ဖက်နဲ့ လေးလေးစားစားပေးဖို့၊ ယူဖို့၊ ရိုရိုသေသေခေါ်ပြော ဆက်ဆံဖို့၊ စားတာသောက်တာ၊ သွားတာလာတာ၊ နေတာထိုင်တာ၊ ပြောတာဆိုတာကအစပေါ့။

 

ဒီလိုမျိုးဆုံးမသွန်သင်ပေးကြတာကလည်း ကျွန်မတို့မိဘတွေမှမဟုတ်ပါဘူး။ မြန်မာမိသားစုတိုင်းလိုလို ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲလက်ဆင့်ကမ်း ဆုံးမသွန်သင်ပေးခဲ့ကြတာပါ။ တစ်နေ့က ဖတ်လိုက်ရတဲ့ ဆရာမကြီးလူထုဒေါ်အမာရဲ့ “ကျွန်မတို့ ငယ်ငယ်တုန်းက” စာအုပ်မှာလည်း ရှေးခေတ်လူကြီး သူမတွေရဲ့ ပဲ့ပြင်ဆုံးမပေးမှုတွေကို တွေ့မြင်ခဲ့ရတယ်

 

ကောက်နုတ်ဖော်ပြရရင် ....

 

“မန္တလေးရဲ့ဓလေ့က ထီးနဲ့နန်းနဲ့နေခဲ့တဲ့အရပ်မို့ အပြောအဆိုယဉ်ကျေးသိမ်မွေ့ရမယ်၊ ဒါမန္တလေးရဲ့ဝိသေသလက္ခဏာလို့ လက်ခံတယ်။ မန္တလေးသူ မန္တလေးသားဆိုပြီး စကားပြော မယဉ်ကျေးရင် မိဘများက သည်းမခံနိုင်ဘူး။ သူတို့သားသမီးကို စကားသင်ပေးကတည်းက ယဉ်ကျေးတဲ့အသုံးအနှုန်းကိုသာ သင်ပေးတာ၊ ကြီးလာတော့လည်း ကြီးတဲ့အလျောက် သင်နေတာပဲ။

 

ကျွန်မတို့ငယ်ငယ်ကများ လူကြီးပြောတဲ့ စကားကို ကျွန်မတို့က အင်းလိုက်မိရင် ဒါမှမဟုတ် ခေါင်းညိတ်ပြမိရင် အမေက ‘အမယ် လူကြီးပြောတာကို အင်းမလိုက်ပါနဲ့၊ ခေါင်းမညိတ်ပါနဲ့၊ ရိုင်းလိုက်တာ၊ ဟုတ်ကဲ့လို့ပြောပါ’လို့ ချက်ချင်းပြင်ပြီး သင်တာပါ။ သည်းခံပြီးကြည့်နေ နားထောင်နေတာမျိုးမဟုတ်ပါဘူး။ ခုခေတ်မှာ လူငယ်တော်တော်များများက ‘ဘုန်းကြီးနဲ့စကားမပြောတတ်ဘူး’ဆိုတဲ့ အသုံးအနှုန်းကို သုံးနေကြပါတယ်။ ရှက်ကိုးရှက်ကန်းနဲ့ပြောတာများ မထင်ပါနဲ့၊ ခပ်ဝင့်ဝင့်လေး ပြောချလိုက်တဲ့စကားမျိုးပါ။ ကျွန်မတို့ငယ်ငယ်က ဒီစကားမျိုးပြောရင် ဘယ်မိဘကမှ နားထောင်နေမှာမဟုတ်ဘူး။ ဘုန်းကြီးနဲ့လျှောက်တတ်၊ တင်တတ်အောင် တစ်ခါတည်းသင်ပေးလိုက်မယ်။ သီလရှင်နဲ့ စကားပြောတတ်အောင် တစ်ခါတည်းသင်ပေးလိုက်မယ်လေ။ ဂါရဝတရား၊ နိဝါတတရားနဲ့ ဘယ်လိုပြောဆိုရမယ်၊ ကိုယ့်ထက်ငယ်တဲ့ လူနဲ့စကားပြောရင် မောက်မာမှုကင်းကင်းနဲ့ ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဘယ်လို ဆက်ဆံရတယ်ဆိုတာကို သင်ပေးပါတယ်။

 

ပြန်ခါနီးရင် ‘ကျွန်မတို့ ဦးတင်ပါသေးရဲ့လို့ ပြောနော်၊ ခွင့်ပြုပါဦး၊ ပြန်ပါဦးမယ်လို့ နှုတ်ဆက်နော်’လို့ အိမ်ကတည်းက သင်လွှတ်လိုက်တာပါ။ သွားတော့မယ်အန်တီဆိုတာမျိုးကို အမေတို့က မကြိုက်ပါဘူး၊ လက်မခံပါဘူး။ ဒီလိုမပြောနဲ့လို့ ချက်ချင်းပြင်ပေးပါတယ်။ ဒါစစ်မဖြစ်ခင် မန္တလေး ရဲ့စရိုက်ပါပဲ။

 

တချို့က မန္တလေးသူတွေ စကားပြောတာ ချွဲတယ်လို့ဝေဖန်ပါတယ်။ ကျွန်မတို့ အသင်အကြားခံခဲ့ရတာက ‘နှုတ်ချို သျှိုတစ်ပါးသမီးရဲ့၊ လူဆိုတာ ချိုချိုလိုလို ပြောတတ်မှပေါ့၊ ပြီးတော့ လူ့အောက်ကျို့လို့ လူပိမသေပါဘူး၊ ကိုယ်က မောက်မာရိုင်းစိုင်းတယ်ဆိုတာ ဘယ်ကောင်းမလဲ ရှက်စရာကြီး၊ မိဘက မဆုံးမဘူးထင်ပါရဲ့လို့ သူတထူး မေးငေါ့ တော့မယ်ပေါ့’လို့လည်း ဆုံးမတတ်ပါသေးတယ်။ ‘ကိုယ်မိကောင်းဖခင်သားသမီးပဲ၊ ဆုံးမပဲ့ပြင်မှုနဲ့ ကြီးပြင်းလာခဲ့တာပဲဆိုတာ ကိုယ့်စကားနားထောင်တာနဲ့ သူများသိပေစေ။ စကားစကား ပြောဖန်များ စကားထဲကဇာတိပြဆိုတာမျိုး မဖြစ်စေနဲ့၊ သိပ်ရှက် စရာကောင်းတယ်’လို့လည်း ဆုံးမပါတယ်” စသဖြင့် ဆရာမကြီးရဲ့ မြန်မာဆန်တဲ့စာရေးဟန်နဲ့ ရှေးခါ မိဘဘိုးဘွားတွေရဲ့ တန်ဖိုးရှိလာတဲ့ ဆုံးမဩဝါဒ အချို့ကို ယခုခေတ် သားသည်မိခင်တွေ အတုယူ ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။

 

အသက်ကြီးမှ ပိုသိမြင်လာရ

 

ဆရာမကြီး လူထုဒေါ်အမာက “ကျွန်မတို့ကို ဆုံးမပဲ့ပြင်တာ၊ ကျွန်မတို့ကို စကားပြောတာကတော့ အမေပါပဲ။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ အမေပြောတဲ့စကားတွေကို ကြားယောင်လို့ချည်း နေပါတယ်”လို့ ဆိုသလိုပါပဲ၊ ကျွန်မတို့လည်း လူကြီး မိဘတွေရဲ့ ဆိုဆုံးမမှုတွေကို အသက်ကြီးမှ ပိုသိမြင်လာရပါတယ်။ ငယ်တုန်းကတော့ ချုပ်ချယ်တယ်၊ မလွတ်လပ်ဘူးလို့ထင်ခဲ့တာပေါ့။ အခုပြန်စဉ်းစားကြည့်တော့ တစ်ချိန်ကလူကြီးမိဘတွေရဲ့ ဆိုဆုံးမမှုတွေဟာ မြန်မာလူမျိုးတိုင်း သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေပဲလို့ တွေးမြင်လာမိတယ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူနေမှုစနစ်ဆိုတာကလည်း များသောအားဖြင့် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်က အခြေခံလာခဲ့တာ ပါပဲ။

 

မင်္ဂလသုတ်နဲ့ပတ်သက်ပြီး ဆရာကြီး မင်းယုဝေက ...

 

“မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူနေမှုစနစ်တွင် မင်္ဂလသုတ်သည် အဓိကအခန်းမှ ပါဝင်သည်။ မြန်မာတို့သည် မွေးဖွားသည်မှစ၍ ကွယ်လွန်သည်အထိ မင်္ဂလသုတ်တရားတော်ကို ဦးထိပ်ပန်ကာ ပြုမူကျင့်ကြံဆက်ဆံ နေထိုင်သွားကြပေသည်။ စင်စစ် မင်္ဂလသုတ်သည် ဗုဒ္ဓ၏လူမှုရေးတရားတော်တို့တွင် အရေးပါ အရာရောက်ဆုံး ဖြစ်ပေသည်။ ယင်းသည် လူကြီး၊ လူရွယ်၊ လူငယ် အရွယ်သုံးပါးနှင့် သက်ဆိုင်သည်။ မည်သည့်ခေတ်၊ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့် လူတန်းစားကိုမဆို အကျိုးကျေးဇူးပြုနိုင်ပေသည်။

 

ထို့ကြောင့် မင်္ဂလသုတ်ကို မူလပါဠိဘာသာမှ ဟိန္ဒီ၊ သီဟိုဠ်၊ မြန်မာ၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် စသည့် ကမ္ဘာ့ဘာသာ ပေါင်းများစွာဖြင့် ပြန်ဆိုကြသည်။ သက်ဆိုင်ရာ ပညာရှင်အသီးသီးကလည်း အမျိုးမျိုးဖွင့်ဆိုကြ သည်” စသဖြင့် သုံးသပ်ရေးသားခဲ့ပါတယ်။

 

မင်္ဂလသုတ်စာအုပ်မှာ ဖော်ပြထား

 

ဆရာကြီး ဦးသုခက “မင်္ဂလာဝါဒကို ပြောဆိုငြင်းခုံကြတာက လူတွေကစတင်ကြတာဆိုတော့ လူ့ကျင့်ဝတ်များက အဓိကထားပြီး ဟောတော်မူ တာသိနိုင်ပါတယ်”လို့ မင်္ဂလသုတ်စာအုပ်မှာ ဖော်ပြထားပါတယ်။

 

“ဗုဒ္ဓက (၃၈)ပါး မင်္ဂလာတရားကို (၁)ကစပြီး (၃၈)ပါးအထိ တောက်လျှောက် ဆက်တိုက်မဟုတ် ဘဲ သုံးပါးစီ၊ လေးပါးစီ (ဧတံမင်္ဂလမုတ္တမံ) ဟော ကြားခဲ့တယ်။ လူငယ်တွေအတွက် ကဏ္ဍတစ်ပိုင်း၊ လူလတ်အတွက် ကဏ္ဍတစ်ပိုင်း၊ လူကြီးအတွက် ကဏ္ဍတစ်ပိုင်း ခွဲခြားဟောကြားတော်မူ(သကဲ့သို့)သော အစီအစဉ်ကို နားလည်ကြည်ညိုစရာကောင်း တယ်”လို့လည်း ဆရာကြီးကဆိုပါတယ်။

 

“ကလေးသူငယ်အရွယ်မှာ သိသင့်သိထိုက်တဲ့ တရား(၃)ပါးဖြစ်တဲ့ လူမိုက်ကို မပေါင်းရဘူး၊ ပညာရှိတဲ့ လူလိမ္မာနဲ့ပေါင်းရမယ်၊ ပူဇော်ထိုက်သူကို ပူဇော်ရမယ်ဆိုတဲ့ လူ့လောကကြီးအတွက် အခြေခံ သုံးပါးကို အရင်ဦးဆုံး ကလေးဦးနှောက်ထဲ ရိုက်သွင်းပေးလိုက်တာဖြစ်တယ်။ လူမိုက်၊ လူလိမ္မာ ခွဲခြားမသိသေးတဲ့ကလေးအရွယ်ဆိုရင် မိဘက ခွဲခြားညွှန်ပြဆိုဆုံးမပေးရတယ်”လို့ ဆရာကြီးက ရှင်းလင်းရေးသားခဲ့ပါတယ်။

 

ကျွန်မတို့ငယ်ငယ်ကတော့ မိဘတွေက မင်္ဂလ သုတ်ကို ပါဠိလိုအလွတ်ကျက်မှတ်ခိုင်းပြီး ညစဉ် ဘုရားဝတ်တက်တိုင်း ရွတ်ဖတ်ပူဇော်ကြရတယ်။ ကျောင်းရောက်ရင်လည်း ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာတွေကို ရွတ်ဆိုကြရတဲ့အတွက် (၃၈)ဖြာမင်္ဂလာနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ဒီလိုရင်းနှီးကျွမ်းဝင်လာတဲ့အခါ ကိုယ်ပြုတဲ့အမှုဟာ မင်္ဂလာလား၊ အမင်္ဂလာရယ်လားဆိုတာကို ကွဲကွဲ ပြားပြားသိလာရတာပေါ့။

 

မင်္ဂလာဖြစ်ရင် ကိုယ်ပြုတဲ့အမှုဟာ မင်္ဂလာပါလားလို့ ဝမ်းမြောက်ပီတိဖြစ်ရသလို အမင်္ဂလာ ဆိုလည်း ချက်ချင်းရပ်တန့်ပြီး နောင်မဖြစ်အောင် ရှောင်ကြဉ်နိုင်တာပေါ့။ အဲဒီလို မိဘဘိုးဘွားတွေရဲ့ သွန်သင်ဆုံးမပဲ့ပြင်ပေးခဲ့တဲ့ ကျေးဇူးကြောင့် လည်းကျွန်မတို့က တစ်ဖန်သားသမီးမြေးမြစ်တွေကို ပြန်လည်လက်ဆင့်ကမ်း ပဲ့ပြင်ဆုံးမနိုင်ခဲ့တာပေါ့။

 

နွေးထွေးမှုအားနည်း

 

ဒီဘက်ခေတ်တွေမှာတော့ မိဘနဲ့ သားသမီး ဆက်ဆံရေးဟာ ကျွန်မတို့ငယ်စဉ်ကခေတ်လို နွေးထွေးမှုအားနည်းတယ်လို့ ကျွန်မထင်တယ်။ မိဘတွေဘက်ကလည်း စားဝတ်နေရေး၊ စီးပွားရေး ဘက်ကို အာရုံစိုက်လုံးပန်းနေကြရတော့ အရင် ခေတ်တွေကလောက် သားသမီးတွေအပေါ် အချိန် သိပ်မပေးနိုင်ကြတော့ဘူး။ အချို့မိသားစုတွေဆို မိဘနဲ့သားသမီး မျက်နှာချင်းဆိုင်စကားစမြည် ပြောဆိုဖို့တောင် အချိန်မရှိသလောက်ပါပဲ။ ကိုယ့်သားသမီးက အခန်းထဲမှာ ဖုန်းတစ်လုံးနဲ့ ဘာလုပ်လို့ ဘာလုပ်နေမှန်း၊ ဘယ်သွားလို့ဘယ်လာနေကြမှန်း တောင် မသိကြရတော့ဘူး။ ဒါကြောင့်လည်း လူငယ် လူရွယ် သားသမီးအချို့ဆို မူးယစ်ဆေးဝါးသုံးစွဲမှု ကအစ လမ်းမှားကိုမရောက်သင့်ဘဲ ရောက်သွားခဲ့ကြရတယ်။

 

သားသမီးတွေဘက်ကလည်း ခေတ်ကာလအရ လွတ်လပ်မှုကို ရှေ့တန်းတင်လာကြတော့ မိဘ တွေရဲ့ပဲ့ပြင်ဆုံးမမှုကို တန်ဖိုးထားလေးစားလိုက်နာ ကြရမှန်းမသိတတ်ကြတော့ဘူး။ သူတို့ရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်တယ်လို့ပဲ ထင်မြင်ယူဆ လာကြတယ်။ ဒါကလည်းသဘာဝပါပဲ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ဆိုတာ မိဘရဲ့ ရင်ခွင်အောက်က ထွက်စပြုပြီး ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်ကြတယ်။ မိဘကို အားကိုးလိုစိတ် လျော့နည်းလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှု ပိုများလာတတ်ကြတယ်။ ကိုယ့်စိတ်နဲ့ကိုယ် လုပ်ကြည့်ချင်လာတတ်ကြတယ်။ အပေါင်းအသင်းကို ပိုပြီးခုံမင်လာကြတယ်။

 

ဒါကြောင့်မို့ ကျွန်မတို့ခေတ်က မိဘတွေဟာ နောင်ကို လူဆိုး၊ လူမိုက်၊ လူသာမည ဖြစ်လာနိုင်တဲ့ အခြေခံကာလဟာ ဒီအရွယ်ပဲ။ ပညာရှိသူတော် ကောင်း လူမွန်လူချွန်ဖြစ်လာနိုင်တာလည်း ဒီအရွယ် ဒီကာလပဲလို့သတ်မှတ်ပြီး ဂရုတစိုက်နဲ့ မိဘတွေက ပဲ့ပြင်ဆုံးမ သွန်သင်ပြသပေးခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါကြောင့်လည်း မိဘတွေကို လက်ဦးဆရာတွေ လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ရာကနေ ‘လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ’ လို့ ရှေးကဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေကလည်း ‘မိခင်ကောင်းတစ်ယောက်၏ စွမ်းရည်သည် ဆရာပေါင်းမြောက်မြားစွာ၏ စွမ်းရည်နှင့်ညီမျှ၏’ တို့၊ ‘ကြီးကျယ်မြင့်မြတ်သော အမွေကို သူတို့၏မိခင်များထံမှ ရရှိခဲ့ကြသည်’ တို့၊ ‘လူ့လောက၏အနာဂတ်သည် မိခင်တို့၏လက်တွင်း၌သာ တည်ရှိသည်’ တို့ စတဲ့ အဆိုအမိန့်ပေါင်းများစွာနဲ့ မိဘတွေရဲ့ အခန်းကဏ္ဍကို ပုံဖော် ဖော်ကျူးခဲ့ကြတာပါ။

 

ကြက်ကောင်း ကြိုးမကွာ ပဲ့ပြင်ဆုံးမ

ဒီဘက်ခေတ် မိဘ ဘိုးဘွား ဆရာသမားတွေ အနေနဲ့လည်း ကိုယ့်သားသမီး မြေးမြစ်တွေရဲ့ဘဝ တင့်တောင့်တင့်တယ် သာယာလှပစေဖို့၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို သားစဉ်မြေးဆက် မွေခံထိုက်စေ တည်တံ့စေဖို့ ကျွန်မတို့ ဘိုးဘွားမိဘ တွေခေတ်ကလို သားသမီးတွေကို ကြက်ကောင်း ကြိုးမကွာ ပဲ့ပြင်ဆုံးမပေးကြရဦးမှာ ဖြစ်ပါတယ်။

 

သားသမီးတွေဘက်ကလည်း “ယနေ့ ဘုရားရှင်နှင့်တကွ ဥပဇ္ဈာယ်ဆရာတို့ထံမှ ဤသဲလုံးနှင့် အမျှသော ဆုံးမစကားများ ကြားနာရပါလို၏”ဆိုပြီး နံနက်စောစောမှာ သဲများကို လက်ခုပ်နဲ့ကျုံးယူ မြွက်ဆိုလေ့ရှိသူ၊ ဆရာသမားတို့ရဲ့အဆုံးအမကို ချက်ချင်းလက်ငင်း လိုက်နာကျင့်သုံးခဲ့တဲ့အတွက် အကျင့်သိက္ခာ ချစ်မြတ်နိုးသောအရာမှာ ဧတဒဂ် ဂုဏ်ထူးရသူ အရှင်ရာဟုလာထုံး နှလုံးမူပြီး မိဘ ဘိုးဘွား ဆရာသမားတို့ရဲ့ ပဲ့ပြင်ဆုံးမသွန်သင်ပြသမှုကို တန်ဖိုးထားလေးစားလိုက်နာကြဖို့လိုပါတယ်။

 

ပေးဝေသူနဲ့ လက်ခံသူ၊ လက်ဆင့်ကမ်းသူတွေနဲ့ ကမ်းလင့်သူတွေရှိနေသရွေ့၊ တာဝန်ကိုယ်စီ ကျေပွန်နေသရွေ့ မြန်မာ့ဓလေ့၊ မြန်မာ့စရိုက်၊ မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေဟာ မြန်မာ့မြေက ပျောက်ကွယ်သွားမှာမဟုတ်သလို ငြိမ်းချမ်းသာယာ တဲ့ မြန်မာ့လူ့ဘောင်ကိုလည်း စဉ်ဆက်မပြတ် တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ဒီလိုပဲ ယုံကြည်နေမိပါတယ်။ ။