ပြင်စလူ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ယနေ့နံနက် ၆ နာရီမှစတင်၍ လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်းရှောင်ပြည်သူများ သတ်မှတ်နေရာများဖြစ်သည့် စုရပ်(၄)နေရာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အနီရောင်အဆင့်သို့ သတ်မှတ်ထားပြီး မုန်တိုင်း၏အရှိန်ကြောင့် ပြင်စလူမြို့တွင် ယနေ့နံနက် ၆ နာရီခန့်က ၄၀ ရာနှုန်း လေတိုက်ရာ အချို့နေရာများ မိုးရွာသွန်းမှုရှိပြီး ရေတက်ခြင်းမရှိကြောင်း၊ နံနက် ၇ နာရီတွင် သစ်ပုတ်ကျေးရွာ၌ လေပြင်းများတိုက်ခတ်နေပြီး သစ်ပင်များလဲပြိုသဖြင့် အရန်မီးသတ် ၂၀ ဦးမှ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ နံနက် ၈ နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြင်စလူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျောင်းလမ်းရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် အရှည်ပေ(၆၀)ရှိ သံတိုင်ကြိုးကျခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောဧရာ မြို့(ပြန်/ဆက်)


