ထားဝယ် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာရုံးများတွင် လျှပ်စစ်ဓာတ်အားသက်သာစေသည့် LED မီးများ ပြောင်းလဲတပ်ဆင်စေလိုကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာရုံးများတွင်ရှိသော ဝန်ထမ်းများအား ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်ရန်၊ မိမိရုံးဝန်ထမ်းများမှတစ်ဆင့် မိသားစု၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်စည်ကမ်းနှင့်အညီ လိုက်နာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကျဆင်းလာသည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်စတင်တွေ့ရှိခဲ့သဖြင့် အိုမီခရွန်အား ပေါ့ဆ၍မရကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်မှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း စည်ပင်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်းအေးချမ်းမှု၊ သန့်ရှင်းသာယာလှပမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည့်အတွက် တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနမှ ဆောင်ရွက်ထားရှိသော လုပ်ငန်းများနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


