PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅ဝဝ ဝန်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းမြောက်ဘက် ၄၅ လမ်းဘက်မှနေ၍ click ဆိုင်ကယ် အမျိုးအစားဖြင့် စီးနင်းလာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းဝင်းအတွင်းရှိ အဆောင်ရှေ့ ပန်းစိုက်ခင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 

mdn

 

CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ရဟန်း၊ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သီတင်းသုံးဆောင်ရာ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အထွတ်အမြတ်ထား ပူဇော်လျက်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးပါမကျန် သာသနာတော် ညှိုးနွမ်းပျက်စီးစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်