ရန်ကုန် ဒီဇင်ဘာ ၂၂
တိုင်းဒေသကြီးသုံးခုမှ ရေထွက်ကုန်များ အဓိဝင်ရောက်ရာ ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီးတွင် နေ့စဉ်ကုန် ပိဿာတန်ချိန် ၅ သိန်းခန့်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတစ်ဝန်းသို့ ရေထွက်ကုန်များ ပုံမှန်စီးဆင်းလျက်ရှိသည်။
ယခုအခါ ရေထွက်ကုန်ပစ္စည်း အများဆုံးဝင်ရောက်၍ ဒေသအသီးသီးသို့ ဖြန့်ချိလျက်ရှိသည့် ရွှေပိတောက်ငါးဈေးကြီးအား ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းအနည်းငယ်သာ အရောင်းအဝယ်ရှိခဲ့ရာ ထိုအချိန်က ကြည့်မြင်တိုင်စံပြငါးဈေးကြီးသည် စည်ကားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် စံပြငါးဈေးမှ ပျံကျဈေးသည်များ ရွှေပိတောက်ငါးဈေးကြီးအတွင်းသို့ ပြန်လည်ရောင်းချခြင်းဖြင့် ဆိုင်ခန်းများ ပြန်လည်အသက်ဝင်လျက် ရေထွက်ကုန်အများဆုံးဝင်ရောက်ရာ ငါး/ပုစွန်ဈေးကြီးတစ်ခုအဖြစ် အရောင်းအဝယ်စည်ကားခဲ့သည်။
ရွှေပိတောက်ငါးဈေးသည် ၈ ဒသမ ၁၂၂ ဧက ကျယ်ဝန်းပြီး ဈေးရုံပေါင်း ၈ ရုံတွင် ဆိုင်ခန်းပေါင်း ၄၄၄ ခန်းနှင့် ပျံကျဆိုင်ခန်းငယ်ပေါင်း ၁၂၀ ဖြင့် ရေထွက်ကုန်များကို လက်လီ၊ လက်ကား ဖြန့်ချိလျက် တောင်ပေါ်ဒေသ၊ နယ်စပ်ဒေသနှင့် မြန်မာပြည်အထက်ပိုင်းသို့ နေ့စဉ်ရေထွက်ကုန်များ ပို့ဆောင်လျက်ရှိသည်။
“တစ်ချိန်က ကုန်ချိန် ၂ သောင်းအဝင်အထွက်မရှိတဲ့ ငါးဈေးကြီး ယခု ကုန်ပိဿာချိန် ၅ သိန်းခန့်ထိ အရောင်းအဝယ်ရှိလာတဲ့အတွက် ငါးမွေးတောင်သူ၊ ကုန်သည်နဲ့ လက်လီလက်ကား ရောင်းတဲ့ဈေးသည်တွေ အဆင်ပြေလာကြတယ်။ ပြည်ပပို့ကုန်လည်းရှိတယ်။ ရေချိုထွက်ကုန်ကို ဧရာဝတီတိုင်းက အဝင်များပြီး ရေငန်ထွက်ကုန်ကို ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဝင်တာများတယ်။ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားတဲ့အပြင် ရေသယ်ယာဉ်နှစ်စီးလည်း မှာယူထားတယ်။ ရန်ကုန်မြို့မှာ အကြီးဆုံး ရေထွက်ကုန်ဈေးကြီး ဖြစ်လာတဲ့အတွက် အဆင့်မြင့်ဈေးကြီးတစ်ခုအဖြစ် ပြောင်းလဲမယ်ဆိုရင် ရန်ကုန်တိုင်းအတွက်သာမက နိုင်ငံအတွက်လည်း ရေထွက်ကုန်ဖြန့်ချိရာ အဆင့်မြင့်ငါးဈေးကြီးတစ်ခုအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရမှာပါ။ နေ့စဉ် ဈေးဝယ်ဈေးသည် ၈ ထောင်ကျော်ကနေ ရုံးပိတ်ရက်မှာ တစ်သောင်းကျော်အထိ ဝင်ရောက်တဲ့အတွက် ဈေးလုံခြုံရေး၊ ရေစီးရေလာကောင်းမွန်ရေးနဲ့ ဈေးသာယာလှပရေးကို စည်ပင်သာယာနဲ့ လက်တွဲပြီး ကျွန်တော်တို့ ဈေးသာယာရေးအဖွဲ့က ဆောင်ရွက်နေပါတယ်”ဟု ရွှေပိတောက်ငါးဈေး သာယာရေးဥက္ကဋ္ဌ ဦးကျင်စောက ပြောသည်။
ရေထွက်ကုန်အရောင်းအဝယ် စည်ကားလာမှုကြောင့် ယာဉ်၊ လူနှင့် ကုန်ပစ္စည်း သယ်ဆောင်မှု နေရာလိုအပ်ချက်ရှိလာခြင်း၊ ရေသွယ်မြောင်းစနစ်များ ပြောင်လဲရန်လိုအပ်လာခြင်းနှင့် ရေထွက်ကုန်အခင်းအကျင်း ရောင်းဝယ်မှု ပုံသဏ္ဌာန်ပြောင်းလဲရန် လိုအပ်လာခြင်းတို့ကြောင့် ရန်ကုန်မြို့၏ အဆင့်မြင့်ငါးဈေးကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာပါက သန့်ရှင်းလတ်ဆတ်သော ရေထွက်ကုန်ကို စားသုံးရမည့်အပြင် စံချိန်စံညွှန်းမီ ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်သော ဈေးကြီးတစ်ခုအဖြစ် ရန်ကုန်မြို့တွင် တွေ့မြင်နိုင်မည်ဖြစ်သည်။
သီးနှံမျိုးစုံဖြန့်ချိရာ သီရိမင်္ဂလာဈေးနှင့် ကပ်လျက်တည်ရှိသောကြောင့် ရွှေပိတောက်ငါးဈေးကြီးနှင့် သီးနှံဈေးသို့ ဝင်ရောက်သောယာဉ်များဖြင့် ဘုရင့်နောင်ကားလမ်းပေါ်တွင် နံက်ပိုင်းနှင့် ညနေပိုင်းတို့၌ ယာဉ်ကြောပိတ်ဆို့မှု ရင်ဆိုင်ရလျက်ရှိရာ ကုန်စည်ဝင်ရောက်၊ စီးဆင်းမှုကို နှောင့်နှေးစေလျက်ရှိပြီး ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့မည့် စက်မှုဇုန်မှ ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များ၊ ရုံးဝန်ထမ်းယာဉ်များ အသွားအလာ အခက်အခဲတွေ့ကြုံရမှုသည် အဆင့်မြင့်ငါးဈေးကြီး တည်ဆောင်ပါက ယာဉ်အဝင်/အထွက် ပုံသဏ္ဌာန်ပြောင်းလဲမှုဖြင့် ယာဉ်နှင့်လူသွားလာရေး အဆင်ပြေချော့မွေ့လျက် ကုန်စည်စီးဆင်းမှုကို မြန်ဆန်ချောမွေ့စေမည်ဖြစ်သည်။
ရန်ကုန်မြို့နေ ပြည်သူများသာမက နိုင်ငံတစ်ဝန်းသို့ ရွှေပိတောက်ငါးဈေးမှ ရေချို/ရေငန် ရေထွက်ကုန်များနေ့ စဉ်ကုန်စည်ဖြန့်ချိလျက်ရှိပြီး နိုင်ငံအတွက် ရေထွက်ကုန်ဖြန့်ချိရာ ဈေးကြီးတစ်ခုအဖြစ် ဂုဏ်တင့်လျက်ရှိရာ ထိုငါးဈေးကြီးမှ နေ့စဉ်ကုန်ပိဿာချိန် ၅ သိန်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး - ညိမ်းသူ (သတင်းစဉ်)


