နေပြည်တော်   ဒီဇင်ဘာ   ၁၁

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ဒေသမျိုးရင်းဖြစ်သည့် အခွံဝါ သီးမွှေးငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးကြသူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိကြသဖြင့် ယခုအခါ ဧက ၁၀၀၀ ကျော်ခန့် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသနေ တောင်သူများထံမှ သိရသည်။

အဆိုပါ အခွံဝါ သီးမွှေးငှက်ပျောသည် အပင်သက်တမ်း (၈) လရောက်လျှင် အသီးစတင်သီးပြီး တစ်နှစ်သားခန့် အရွယ်ရောက်လျှင် ဈေးကွက်သို့ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကာ ငှက်ပျော ၁ ခိုင်လျှင် (၈) ဖီးမှ (၁၀) ဖီးအထိ အထွက်နှုန်းကောင်းသည့်မျိုး ဖြစ်ကြောင်းနှင့် (၁) ဖီးလျှင် ကျပ် ၁ ထောင်နှုန်း ရောင်းချရကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ငှက်ပျောပင်မှ သားတက်အပင်ပေါက်မျိုး ရောင်းစားမည် ဆိုပါကလည်း တစ်ပင်လျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှုန်းအထိ ဝင်ငွေ ထပ်မံရရှိမည် ဖြစ်သည်။

အခွံဝါ သီးမွှေးငှက်ပျောသည် အခွံဝါ၍ အညှာခိုင်သည့်မျိုးဖြစ်ပြီး အရသာအားဖြင့် မွှေးပျံ့၍ ချိုမြကာ ဈေးကွက်အတွင်း လူအများကြိုက်နှစ်သက်သော သီးနှံလည်းဖြစ်လျက်ရှိသည်။ အဆိုပါ ငှက်ပျောအား တောင်သူများ စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါက သတိပြုလုပ်ဆောင်ရမည့် ပိုးမွှားရောဂါ ကာကွယ်ရေး နည်းလမ်းအနေဖြင့်  ခေါင်းပိုး( ခေါ်) ဆင်ပိုးနှင့် ပင်စည်ကွဲရောဂါ၊ အရွက်ဖျားခြောက် ရောဂါနှင့် ထိပ်စု ရောဂါတို့ ကျရောက်ပါက ရှေးဦးစွာ ငှက်ပျောစိုက်ကျင်းအတွင်း ဖျူရာဒါန် 3 G နှင့် မြေတွင်းအောင်း ပိုးသတ်ဆေးများ ထည့်သွင်းစိုက်ပျိုးရမည်ဖြစ်ပြီး ရေသွင်းခြင်း၊ အစာကျွေးခြင်းများကိုလည်း စနစ်တကျပြုလုပ်သင့်ကြောင်း တောင်သူ ဒေါ်တင်ရီ၏ အကြံပြုပြောကြားချက်အရ သိရသည်။

ကိုပေါက်(ဥက္ကာမြေ)