မုံရွာ    အောက်တိုဘာ   ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာတွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း (၁၉)ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မုံရွာမြို့နယ်အတွင်းရှိ သစ်စိမ့်၊ ရွာသစ်၊ ခတက္ကန်မြောက်၊ တောင်ကြား(ရွာသစ်)၊ ဘူးတောင်းကန်၊ မင်္ဂလာကုန်း၊ ရွာတုံ(တ)၊  ခတက္ကန်(တ)၊ မြေနှဲ၊  ကျောင်းရွာ၊ ရွာသစ်၊  ပမဲတော၊ အင်တိုင်း၊  ပလ္လင်(တ)၊  မရိုးတော၊ ရွာထောင်၊ ဆုံကုန်း၊ ကူတောပလ္လင် စသည့် ကျေးရွာ(၁၈)ရွာတွင် ကုန်ထုတ်လမ်း၊  ကျေးလက်ရေ ပေးရေးလုပ်ငန်း၊ ‌ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းများနှင့် ကွန်ကရစ်ရေမြောင်းတူးဖော်ခြင်း  လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

"မုံရွာမြို့နယ်အတွင်း  ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ  ကျေးရွာပေါင်း(၁၈)ရွာ  စီမံကိန်းလုပ်ငန်း(၁၉)ခု ဆောင်ရွက်ခဲ့ ပါတယ်၊ စိုက်ဧက(၁၀၀၀)အကျိုးဖြစ်ထွန်းတဲ့ ကုန်ထုတ်လမ်းတွေ၊ ကျေးလက်ရေရရှိရေး လုပ်ငန်းတွေနဲ့ VDP စီမံကိန်းနဲ့ဆောင်ရွက်ခဲ့တဲ့  ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ပြည်ထောင်စု ဘက်ဂျက်၊ တိုင်းဒေသကြီးဘက်ဂျက်အပြင် နိုင်ငံ့တော်ထောက်ပံ့ဘက်ဂျက်ကိုပါ အသုံးပြုပြီးတော့  ဆောင်ရွက်နေတာ ဖြစ်ပါတယ်"ဟု  မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက ပြောသည်။

 

ပြီးခဲ့သည့်   ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်အတွင်း  မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာ(၁၈)ရွာတွင် ကျေးရွာအလိုက် လုပ်ငန်းဆောင်ရွက်မှု‌အနေဖြင့် သစ်စိမ့်ကျေးရွာတွင် စိုက်ဧက(၁၀၀၀)ကျော် အကျိုးဖြစ်ထွန်း သည့်  ကုန်ထုတ်လမ်းကိုလည်းကောင်း၊ ရွာသစ်၊  ခတက္ကန်မြောက်၊  တောင်ကြား(ရွာသစ်)၊ ဘူးတောင်းကန် ကျေးရွာတို့တွင်  ရေရရှိရေးလုပ်ငန်းများကိုလည်း မင်္ဂလာကုန်း၊ရွာတုံ(တ)၊ ခတက္ကန်(တ)၊ မြေနှဲ၊ ကျောင်းရွာ၊ ရွာသစ်၊ ပမဲတော၊ အင်တိုင်း၊ ပလ္လင်(တ)၊ မရိုးတော အစရှိသည့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရွာထောင်၊ ဆုံကုန်းကျေးရွာတွင် ကျေးရွာတွင်း  ကွန်ကရစ်ဘီး လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊  ကူတောပလ္လင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်း လုပ်ငန်းနှင့်  ကွန်ကရစ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

မုံရွာမြို့နယ်သည် ‌ ရပ်ကွက်(၃၁)ရပ်ကွက်၊   ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာ(၁၉၁)ရွာရှိပြီး ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို  ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်၊  မွမ်းမံဘတ်ဂျက်၊ နိုင်ငံတော်အထောက်အပံ့ ဘတ်ဂျက်များဖြင့်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ထိန်လင်း-မုံရွာ)