သံတောင်ကြီး ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၂၁ ဒသမ ၇၇၅ သန်းဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စိုက်ပျိုးမြေဧက ၁၁၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းတံတားများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်း များ၏ ထုတ်ကုန်/ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၂ ဒသမ ၄ သန်းဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ငွေတောင်ကြီးကျေးရွာကုန်ထုတ်လမ်း ၂ မိုင် အကျယ် ၁၆ ပေ၊ မြေသားလမ်း ဖောက်လုပ်ခြင်း၊ ကဘော်ပလိုကျေးရွာ ကုန်ထုတ်လမ်း အရှည် တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert သုံးစင်း၊ ရေပြွန် သုံးခုတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သံတောင်ကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

အဆိုပါ ငွေတောင်ကြီးကျေးရွာနှင့် ကဘော်ပလိုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်နိုင်မှုကြောင့် အဆိုပါ ကျေးရွာနှစ်ရွာအပါအဝင် ကျေးရွာ ၁၀ ရွာ ရှိ အိမ်ခြေ ၅၄၂ ၊ လူဦးရေ ၂၅၅၂ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၁၀၀ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)