ရန်ကုန် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေပေးရေး အထောက်အကူပြုကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်များ စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌  တက်ရောက်ကုသမှုခံယူနေသော လူနာများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် စောင့်ကြပ်ကြည့်ရှုခံနေရသော လူနာများ နှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများအတွက် စနစ်တကျ ရရှိစေရေး၊ အောက်ဆီဂျင်လိုအပ်မှု မရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် စိစစ်၍ အောက်ဆီဂျင် ရရှိမှုပေါ်မူတည်၍  ဒေသခံပြည်သူများအား ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊  မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေပေးရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးစည်သူကျော်၏ ပြောကြားချက်အရ သိရသည်။ 

ထို့အတူ ဒလမြို့နယ်၌ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး၊ ပိုးတွေ့လူနာများ နှင့် အရေးပေါ်လူနာများအား အမြန်ဆုံး ကုစားပေးနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံတစ်ခုအား အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိပြီး စေတနာရှင်များအနေဖြင့် မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေပေးရေး အထောက်အကူပြု ကော်မတီသို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)