ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
ရူပကုထုံးဆိုသည်မှာ အမျိုးမျိုးသော ထိခိုက်ဒဏ်ရာရခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေသော ကုထုံးဖြစ်ပါသည်။ လွန်ခဲ့သောနှစ်အချို့က လူအတော်အများနှင့် ဆေးပညာရှင်များကိုယ်တိုင် ရူပကုထုံးများ၏ အကျိုးသက်ရောက်မှုများကို မယုံကြည်ခဲ့ကြပါ။ ယနေ့ခေတ်အခါတွင် လူ့ခန္ဓာကိုယ်လုပ်ငန်းစဉ်များ မူမှန်စေရန် ရူပကုထုံးများဖြင့် ကုသနိုင်ကြောင်း လူအတော်အများက ယုံကြည်လက်ခံနေကြပြီဖြစ်ပါသည်။ ထို့ကြောင့် ကုထုံးပညာရှင်များကိုလည်း နေရာအတော်အများတွင် တွေ့နိုင်ပါသည်။
ရူပကုထုံးပညာရှင်ထံ ဘယ်အချိန်မှာ သွားပြသင့်သလဲ။
အဆစ်များနာကျင်ခြင်း၊ မလှုပ်နိုင်ခြင်း၊ ကြွက်သားများတောင့်တင်းခြင်းတို့ ဖြစ်လာလျှင် ရူပကုထုံးပညာရှင်ထံ သွားပြသင့်ပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းများမှာ အသက်ကြီးလာခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အားနည်းခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ရူပကုထုံးသည် သင့်ကို တောင့်တင်းမှုများ၊ နာကျင်မှုများ၊ ကျိုးပဲ့ဒဏ်ရာများ ဖြစ်နေချိန်တွင် မူလအနေအထားကို အမြန်ဆုံးပြန်ရောက်ရန် ကူညီပေးပါလိမ့်မည်။
ရူပကုထုံးပညာရှင်များသည် သင့်ကို ဘဝတန်ဖိုးများ မြင့်တက်လာစေရန် လေ့ကျင့်ပေးပါလိမ့်မည်။ သို့သော် ကောင်းမွန်သော ရလဒ်များကို ညတွင်းချင်းမရနိုင်ပါ။ အချိန်လိုအပ်ပါသည်။ ကုထုံးများကို သတ်မှတ်ထားသည့် ရက်အတိုင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။
ထိုသို့ အချိန်ယူကုသရသည့်အတွက် လူနာများအနေဖြင့် စိတ်မရှည်သည့်အခါများလည်းရှိတတ်ပါသည်။
ထိုအခြေအနေမျိုးတွင် ရူပကုထုံးပညာရှင်က လူနာကို ယုံကြည်ချက်ထားရန် ဆွေးနွေးပြောကြားခြင်း၊ ပြန်ကောင်းလာမည့်နှုန်းနှင့် ပြုလုပ်ရမည့် နည်းလမ်းအဆင့်ဆင့် ကိုနားလည်အောင်ရှင်းပြခြင်း၊ လမ်းညွှန်ခြင်း တို့ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
ရူပကုထုံးပညာရှင်များသည် အမျိုးမျိုးသော လုပ်ငန်းခွင်နေရာများတွင် အလုပ်လုပ်ရနိုင်ပါသည်။
ယင်းနေရာများမှာ
• အထူးကြပ်မတ် ကုသဆောင်များ
• ခွဲစိတ်မှုကြီးများပြီးလျှင်ထားသော ကိုယ်လက်ပြန်လည်သန်စွမ်းရေးအဆောင်များ
• အရိုးနှင့် ထိခိုက်ဒဏ်ရာကုဌာနများ
• အားကစား နှင့် ကိုယ်လက်ပြန်လည်သန်စွမ်းရေးအဆောင်များ
• ကလေးများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနေရာများ
• ဦးနှောက်နှင့် အာရုံကြော ဌာန
• စိတ်ကျန်းမာရေး ကုသဆောင်များ
• နာတာရှည် မသန်စွမ်းသူများ ကုသဆောင်များ
• ကျန်းမာရေးအသိပညာပေးခြင်းနှင့် အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများ ဖြစ်ပါသည်။
ဘယ်လိုနည်းများဖြင့် ရူပကုထုံးများကို ခံယူနိုင်သလဲ။
ရူပကုထုံးများကို မိမိတစ်ယောက်တည်းသော်လည်းကောင်း၊ အသင်းအဖွဲ့များတွင်သော်လည်းကောင်း သွားရောက်ပြီး ခံယူနိုင်ပါသည်။ ထို့အပြင် စေ့တနာဝန်ထမ်း အဖွဲ့အစည်းများကလည်း အခမဲ့ သို့မဟုတ် ဈေးသက်သာစွာဖြင့် အကူအညီများလည်း ပေးနေပါသည်။
သို့သော် သင်သည် ကုထုံးများကို မခံယူမီ ဆရာဝန်၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်ပါသည်။
အများစုသော အတွေ့အကြုံများသည့် ကျွမ်းကျင်ကုထုံးပညာရှင်များသည် ကုထုံးများမပြုလုပ်မီ ဆရာဝန်ထောက်ခံချက်များကို အရင်စစ်ဆေးကြပါသည်။
ထို့ပြင် ကုထုံးပညာရှင်ကိုလည်း သေချာစွာ ရွေးချယ်ရန်လိုအပ်ပါသည်။ အများအားဖြင့် ဆရာဝန်များက ကုထုံးပညာရှင်များနှင့် တစ်ခါတည်းချိတ်ဆက်ထားကြပြီး အမှန်အားဖြင့် ပြောရသော် ဆရာဝန်ထောက်ခံ ပေးသော ကုထုံးပညာရှင်များထံတွင် ကုသမှုများကို အချိန်မှန်မှန် ခံယူခြင်းက အသင့်တော်ဆုံးဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရသော်
သင်သည် ရူပကုထုံးများကို ခံယူသင့်သော အနေအထားမျိုးတွင် မိမိဘာသာမိမိ လေ့ကျင့်ခန်များ ပြုလုပ်နေခြင်းမျိုးကို ရပ်လိုက်ပြီး ရူပကုထုံးများကို ခံယူသင့်ပါသည်။ တတ်ကျွမ်းသော ကုထုံးပညာရှင်များ ထံတွင် ကုသမှုများခံယူမှသာ သင့်ရောဂါအတွက် ထိရောက်မှုရှိမည်ဖြစ်ပါသည်။
"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"