ဇီးကုန်း ၁၈ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာ လှပစေရေး၊ စိမ်းလန်းစိုပြည်ရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ အမှတ် (၂) ရပ်ကွက် မင်းဘူးလမ်းနှင့် လယ်ဦးစုလမ်း ရေနုတ်မြောင်းအား အုတ်ရေမြောင်းအသစ် ပြုလုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မင်းဘူးလမ်း အုတ်ရေမြောင်းအသစ် ပြုလုပ်ခြင်းအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၉.၄) သန်းကျပ်ဖြင့် အရှည်ပေ (၅၅၀)၊ အကျယ်(၂) ပေ၊ အနက်(၂) ပေ ကို ဇွန် တစ်ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
ဇီးကုန်းမြို့နယ်အတွင်း အုတ်ရေမြောင်း (၉) ခု၊ ကွန်ကရစ်တံတား (၂၉) စင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)



