Monsoon President Cup ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပ

ဇွန် ၁၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသော Monsoon President Cup ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့ရှိ ဥက္ကလာဂေါက်ကွင်း၌ကျင်းပရာ  ပြိုင်ပွဲဝင်ကစားသမားများ၏ ယှဉ်ပြိုင်နေမှုအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ပထမနေ့အပြီးတွင် အသင်းလိုက်ပြိုင်ပွဲ၌ လွင်မိုးနှင့် လှိုင်မြင့်ဇော်တို့ပါဝင်သော အသင်းက စုစုပေါင်းရိုက်ချက် ၆၆ ချက်ဖြင့်ပထမ၊ ကျော်သက်ဦးနှင့် ကျော်ကိုကိုချစ်တို့က စုစုပေါင်းရိုက်ချက် ၆၆ ချက်ဖြင့်ဒုတိယ၊ ကျော်မင်းထွန်းနှင့် ကိုနိုင်တို့က စုစုပေါင်းရိုက်ချက် ၆၇ ချက်ဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ပထမနေရာနှင့် ဒုတိယနေရာတွင် ရပ်တည်နေသော နှစ်သင်းမှာ ရိုက်ချက်တူသော်လည်း နောက်ဆုံးကိုးကျင်းတွင် လွင်မိုးနှင့် လှိုင်မြင့်ဇော်တို့ပါဝင်သောအသင်းက လျှော့ရိုက်ချက်များသဖြင့် ထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ဦးချင်း Professional အဆင့်ပြိုင်ပွဲတွင် ကျော်သက်ဦးက သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျှော့ရိုက်ကာ ၆၆ ချက်ဖြင့် ပထမ၊ သိန်းနိုင်စိုး (HAN Golf Master) က သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျော့ရိုက်ကာ ၇၀ ချက်ဖြင့် ဒုတိယ၊ မိုးကျော်(Taylormade)က ရိုက်ချက် ၇၂ ချက်ဖြင့် တတိယနေရာ၊  Senior Professional အဆင့်ပြိုင်ပွဲတွင် စိုးကျော်နိုင်(Taylormade)က ရိုက်ချက် ၇၄ ချက်ဖြင့် ပထမ၊ မြင့်ဆွေက ရိုက်ချက် ၇၆ ချက်ဖြင့် ဒုတိယ၊ ကျော်မိုး(Green Joy Pro Shop)က ရိုက်ချက် ၇၇ ချက်ဖြင့် တတိယ၊  Amateur အဆင့်တွင် လှိုင်မင်းထက်က သတ်မှတ်ရိုက်ချက်ထက် ငါးချက်လျော့ရိုက်ကာ ၆၇ ချက်ဖြင့်ပထမ၊ လွင်မိုးက သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်ကာ ၇၁ ချက်ဖြင့် ဒုတိယ၊ ကျော်သူရက သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်ကာ ၇၁ ချက်ဖြင့် တတိယနေရာတို့တွင် ရပ်တည်လျက်ရှိသည်။ ယခုပြိုင်ပွဲတွင် Professional အဆင့်ကစားသမား ၂၁ ဦး၊ Senior Professional အဆင့်ကစားသမား ၁၂ ဦး၊  Amateur အဆင့်ကစားသမား ၁၀၇ ဦး စုစုပေါင်းကစားသမား ၁၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Monsoon President Cup ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲနောက်ဆုံးနေ့ကို ဇွန် ၁၁ ရက် နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်