ပွင့်ဖြူ ၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာသည် အိမ်ခြေ ၁၁၄၈ အိမ်၊ လူဦးရေ ၅၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ယခင်က မြို့တည်နေရာဖြစ်သည့် မြို့ဟောင်းနေရာတစ်ခုဖြစ်ကာ ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်၊ ဌာနခွင့်ပြုငွေ လုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၃၀၀၀၀၀ ဖြင့် ကျေးရွာတွင်း လမ်းအရှည်ပေ ၈၀၀ အား လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၁၄၀၆၀၀၀၀ ဖြင့် ရွာတွင်း (ကင်းဝန်မင်းကြီးလမ်း) အရှည်ပေ ၉၀၀ အား လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတွင်းလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသထွက် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


