တန့်ယန်း ၂၃ မေ

 

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တန့်ယန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မေ ၂၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် မြို့နယ်စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လမ်းညွှန်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် မေ ၂၂ ရက်က မကြာမီ ဖွင့်လှစ်တော့မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)

mdn