ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား လွှတ်ငြိမ်းသက်သာခွင့်ပေး

ကော့သောင်း၊ ၁၃ ဖေဖော်ဝါရီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၄၀၀) ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွှတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား အကျဉ်းသူများအား တာဝန်ရှိသူများက ဆုံးမစကားများပြောကြားခဲ့၍ ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြသည်။ လွှတ်ငြိမ်းသက်သာခွင့်ရ ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြားသား တစ်ဦး အပါအဝင် မြန်မာနိုင်ငံသား အကျဉ်းသား အမျိုးသား  ၁၅၂ ဦး၊ အမျိုးသမီး ၃၆ ဦးဖြစ်ပြီး စုစုပေါင်း ၁၈၉ ဦးဖြစ်ကာ လွှတ်ငြိမ်းသက်သာခွင့်ရသူများ အားလုံးကို မိမိနေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)