ဘားအံ၊ ၅ ဖေဖော်ဝါရီ
ကရင်ပြည်နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသောသီးနှံများ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်များ ထပ်မံပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(GAP) အသိအမှတ်ပြုလက်မှတ်များပေးအပ်ခြင်းအခမ်းအနားတွင် ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က(GAP) အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းရည်ရွယ်ချက်ကို ရှင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့များမှ မြေပဲသီးနှံ၊ ကော်ဖီသီးနှံ၊ ကျွဲကောသီးသီးနှံ၊ နှမ်းသီးနှံများအတွက် (GAP) အသိအမှတ်ပြုလက်မှတ်ရရှိသော တောင်သူများအား ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်မျိုးစေ့တာဝန်ခံ၊ ပြည်နယ်မြေအသုံးချရေးတာဝန်ခံနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးသီးနှံများ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားမှုမှာ စုစုပေါင်း တောင်သူ (၂၃)ဦး၊ သီးနှံ(၂၂)မျိုး၊ လက်မှတ်ပေါင်း (၃၄)ခုရှိပြီး ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


