ရန်ကုန်၊ ၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အောက်ရှိ YBS ခရီးသည်တင် ယာဉ်လိုင်းများကို ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း YRTA ရုံးမှ သိရသည်။
“ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော YRTA လက်အောက်မှာရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကိုတော့ လတ်တလောမှာ ခါတိုင်းရက်တွေလိုပဲ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင်းမို့ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်ပါစည်းနင်းခွင့် ပြုထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ့အလင်းသို့ ပြောကြားသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲပေးနေမှုအပေါ် ပြည်သူအချို့မှ ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲမှုမရှိဘဲ ယာဉ်လိုင်းပြေးဆွဲမှု စီးရေမှာ လျော့နည်းနေသည်ဟူသော ပြောဆိုသံများ ခရီးသွားပြည်သူများအကြား ကြားသိနေရသည်။ YRTA အနေဖြင့် ယင်းသို့အဖြစ်မခံဘဲ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးလျက်ရှိသော YBS ယာဉ်လိုင်းများကို ယခုအခါ မည်သည့်ယာဉ်လိုင်းမှ ရပ်နားမှုမရှိဘဲ နေ့စဉ်ပုံမှန် အစီးရေကို ပြေးဆွဲပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)သည် နေ့စဉ်ပြေးဆွဲပေးလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် ခရီးသည်တင်ယာဉ်စီးရေမှာ နေ့စဉ်ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း YBS ယာဉ်စီးရေ ပြေးဆွဲပေးမှုကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၂ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံး(YRTA)အောက်ရှိ YBS ယာဉ်လိုင်း ၁၀၅ လိုင်းမှ ခရီးသည်တင် ယာဉ်အစီးရေ ၃၀၂၁ စီးဖြင့် ရန်ကုန်မြို့တွင်း အလုပ်တက်၊ အလုပ်ဆင်း၊ ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းများနှင့် ခရီးသွားပြည်သူ စုစုပေါင်း ငါးသိန်းနီးပါးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


