ပြည်ထောင်စု၏ အောင်ဆုမဏ္ဍိုင် လွတ်လပ်နိုင်ငံ ပြည်တိုင်းမြန်

ဒေါက်တာမနုရည်

‌ေ

 

 

 

 

 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် သောကြာနေ့သည် (၇၄) နှစ်မြောက်အချုပ်အခြာအာဏာပိုင် လွတ်လပ်သော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည့် “ပြည်ထောင်စုနေ့” သို့မဟုတ် လွတ်လပ်ရေး၏ ရှေ့ပြေးအရုဏ်ဦးဖြစ်သည့် “ပင်လုံစာချုပ်” ကို ချုပ်ဆိုသောနေ့ကြီး ဖြစ်ပေသည်။

 

မြန်မာပြည်၏ ပြည်နယ်ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစုတို့၏ ခေါင်းဆောင်များ က ပြည်နယ်ပြည်မ မခွဲခြား၊ စည်းလုံးညီညွတ် ကြမည်ဟု ကတိကဝတ် သစ္စာပြုကြကာ လွတ်လပ်သော အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည့် “ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်”ကို ထူထောင်ကြရန် ရည်သန်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကန့်ကွက်သူမရှိ တညီတညွတ်တည်း “ပင်လုံ စာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ်တောင် တန်းဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များက ပင်လုံညီလာခံကြီးကိုကျင်းပ၍ အောင်မြင်စွာ စာချုပ် ချုပ်ခဲ့ကြသည်ကို အစွဲပြု၍ “ပင်လုံစာချုပ်” ဟု အမည်တွင်ခဲ့လေသည်။ နှစ်စဉ် နှစ်တိုင်းလည်း ဤနေ့ ဤအချိန်ရောက်တိုင်း မြန်မာနိုင်ငံအရပ်ရပ်တွင် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကျင်းပလာခဲ့ ကြသည်မှာ ယခုနှစ်ဆိုလျှင် (၇၄) နှစ်ရှိပေပြီ။

 

ဤနေ့သည် မြန်မာပြည်သမိုင်းနှင့် မြန်မာ့လွတ်လပ်ရေးသမိုင်းတို့တွင် မော်ကွန်း တင်ရသည့် လွတ်လပ်ရေး၏ အခြေခံအုတ်မြစ် လည်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာတို့သည် လွတ်လပ်ရေးကိုရယူရန် နှစ်တာရှည်စွာ ကြိုးပမ်းလာခဲ့ကြရာ နောက်ဆုံးတွင် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှု၏ သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြင့် အောင်ဆန်း-အက်တလီစာချုပ်ပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ကာ အောင်မြင်မှု၏အထွတ်အထိပ်အဖြစ် လွတ်လပ်ရေးဗိမာန်နန်းကို တည်ဆောက်နိုင်ခဲ့ကြသည်။ မြန်မာပြည်လွတ်လပ်ရေးသမိုင်းကို သုံးသပ်မည်ဆိုပါလျှင် ပြည်ထောင်စုနေ့ကို ချန်လှပ်ခဲ့ပါက ပြည့်စုံနိုင် မည်မဟုတ်ပါ။

 

ဘိုးဘွားအမွေမည် လွတ်လပ်ပြည်

အောင်ဆန်း-အက်တလီ စာချုပ်သည်မှ

စခဲ့စုံညီ ပင်လုံဆီသို့

သွေးစည်းတို့ပြည် သဘောညီဘိ

ချုပ်ကတိကို ရေးညှိကြသည်

မြန်ပြည်တစ်လွှား တိုင်းရင်းသားတွေ

ရလဒ်ဧကန် လွတ်လပ်မှန်သည်

နု-အက်တလီ ခေါ် စာချုပ်ကျော်ထူး

သူတို့ကျေးဇူးမို့ ဆပ်စို့တာဝန်

ကျေပွန်ညီညွတ် မလွှတ်လက်တွဲ

မခွဲဆတိုး ချစ်မြတ်နိုးတတ်

ဂုဏ်ယူတတ်စေ ဘိုးဘွားအမွေမည်

လွတ်လပ်ပြည်ထောင် ဤလူ့ဘောင်ဝယ်

မြန်ပြည်ကျယ်သည်

ကမ္ဘာတည်သရွေ့ တည်ပါစေ့။

 

ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ

ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ဆွေးနွေးရမည်ဆိုပါလျှင် နှစ်ဆင့်ရှိပြီး ဒုတိယအဆင့် “ပင်လုံစာချုပ်” သည် လွတ်လပ်ရေး၏ ရှေ့ပြေးလည်းဖြစ်လေသည်။ လွတ်လပ်ရေးတည်းဟူသော အောင်ဆုကို ရယူဆွတ်ခူး ခဲ့ကြရာမှာမူ သုံးဆင့်ရှိသည်ဟု ဆိုရပေလိမ့်မည်။ ၎င်းတို့မှာ-

(၁) အောင်ဆန်း- အက်တလီစာချုပ် (၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့)

(၂) ပင်လုံစာချုပ် (၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့၊ “ပြည်ထောင်စုနေ့”)

(၃) နု-အက်တလီစာချုပ် (၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့)

 

အောင်ဆန်း-အက်တလီစာချုပ်နှင့် နု-အက်တလီစာချုပ်တို့ကို ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ နေအိမ်ဖြစ်သော အမှတ် (၁၀) ဒေါင်းနင်းလမ်း (Downing Street)၊ ဝက်စ်မင်စတာ (Westminster)၊ လန်ဒန်မြို့၌ မြန်မာ အဖွဲ့ခေါင်းဆောင်ကြီးများက ဗြိတိသျှအစိုးရအဖွဲ့ခေါင်းဆောင် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နှင့် လွတ်လပ်ရေးပေးရန် ကတိစာချုပ်ကို ညှိနှိုင်း သဘောတူ ချုပ်ဆိုခဲ့ကြရာ အောင်ဆန်း-အက်တလီ စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် လည်းကောင်း၊ နု-အက်တလီစာချုပ်ကို နန်းရင်းဝန် သခင်နု(ဦးနု)နှင့်လည်းကောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော သမိုင်းဝင်စာချုပ်များ ဖြစ်ကြလေသည်။

 

ဤသမိုင်းဝင်အခါသမယနေ့ကြီးများကို လွတ်လပ်ရေး၏ အထင်ကရ အောင်မြင်မှုမှတ်တိုင်ကြီးမျာဟုလည်း ဆိုနိုင်ပေသည်။ လွတ်လပ်ရေးပန်းတိုင်ခရီးတွင် စိုက်ထူလာခဲ့ကြသည့် အောင်မြင်မှုတံခွန်ကြီး သုံးဆင့်ကို တစ်ဆင့်စီ ထပ်မံ ချဲ့ထွင်ရေးလိုပါသည်။

 

(၁) အောင်ဆန်း- အက်တလီစာချုပ် (၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့)

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန်အစိုးရ အဖွဲ့ခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ကလင်းမင့်ရစ်ချပ်အက်တလီ (Clement Richard Attlee) တို့သည် လွတ်လပ်ရေး၏ ပထမဆုံးအဆင့်အဖြစ် “အောင်ဆန်း-အက်တလီစာချုပ်” ကို ချုပ်ဆိုလက်မှတ်ရေးထိုး ခဲ့ကြလေသည်။

 

လွတ်လပ်ရေးပန်းတိုင်သို့ ချီတက်ရာခရီးလမ်းတွင် နှစ်တစ်ရာခန့် လမ်းပျောက်လာခဲ့ကြသည့် မြန်မာတိုင်းရင်းသား အားလုံးသည် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည့်အတွက် လွတ်လပ်ရေး၏ လင်းရောင်ခြည်ဦးအဖြစ် လွန်စွာမှပင် ကျေနပ်ပီတိဖြစ်ခဲ့မည်မှာ သံသယဖြစ်စရာ အလျဉ်းမရှိပါချေ။

 

ထိုသို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ ကြပြီး နှစ်ရက်အကြာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဒေါ်ချက်စတာဟိုတယ် (Dorchester Hotel) ၌ ဗိုလ်ချုပ်အောင်ဆန်းက အိန္ဒိယပြည်နှင့် မြန်မာပြည်ဆိုင်ရာ နိုင်ငံခြား ရေးဝန်ကြီး လော့ဒ် ဖရက်ဒရစ် ပက်သစ်လောရန့်စ် ခေါင်းဆောင်သောအဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ပါသည်။ ဒေါ်ချက်စတာဟိုတယ်သည် ကမ္ဘာ့တန်ဖိုးအကြီးဆုံးနှင့် ဂုဏ်အဆင့်အမြင့်မားဆုံး ဟိုတယ်ကြီးများ အနက် တစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ ပါ့ခ်လိန်း (Park Lane) နှင့် ဒင်နရီလမ်း (Deanery Street) ထောင့်တွင် တည်ရှိပေသည်။ ထိုဧည့်ခံပွဲတွင် အသက် ၃၂ နှစ်ပင် တင်းတင်းမပြည့်သေးသည့် ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှတို့က “Your Excell-ency” ဟု ခေါ်ဝေါ်သုံးနှုန်းသည်ကို ဗိုလ်ချုပ်သည် အလွန်ပင် နှစ်ခြိုက်ခဲ့သည်ဟု ဆိုပါသည်။

 

အဘယ်အကြောင်းကြောင့် မနှစ်ခြိုက်ရ ပါမည်နည်း။ နှစ်​ပေါင်း ၁၂၀ ကျော် နယ်ချဲ့ ဗြိတိသျှအစိုးရက မြန်မာတို့ကို ၎င်းတို့၏ ရှေ့မှောက်၌ ဒူးထောက်ခိုင်းပြီး လက်အုပ်ချီစေကာ ကျွန်များဟု သတ်မှတ်ခဲ့ကြပြီးလျှင် ၎င်းတို့အား “သခင်” ဟု ခေါ်စေခဲ့လေသည်။ ယခုမူ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင် ကြိုးပမ်းမှုများကြောင့် မြန်မာခေါင်းဆောင် တို့၏ ကြီးမားသောအောင်မြင်မှုနှင့် စွမ်းရည် သတ္တိကို ဂုဏ်ပြုအသိအမှတ်ပြုကာ သူတို့က ပင် “Your Excellency” ဟု ပြန်၍ တလေးတစားထိပ်စီးတင် ဂုဏ်ပြုခေါ်ဝေါ် နေရပေသည်။ ထူးကဲလှပါသော အောင်မြင်မှု ရလဒ်ပါပေ။ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူ ဝင့်ကြွားစရာနှင့် အတုယူဖွယ်ရာပင်တည်း။

 

ဤတွင် ဗြိတိသျှတို့က “သခင်” ခေါ်စေခဲ့ သည်နှင့် စပ်လျဉ်း၍ မြန်မာတို့ဘက်မှ ပြန်လည်တုံ့ပြန်ပုံကို အနည်းငယ် ဆွေးနွေးလို ပါသည်။ မြန်မာတို့က ငါတို့သည် “သခင်” များဟု “သခင်မျိုးဟေ့ တို့ဗမာ” ဟူသော ဆောင်ပုဒ်ကို စွဲယူကြပြီးလျှင် မိမိတို့၏ အမည်များရှေ့တွင် အမျိုးသားများက “သခင်” ဟူ၍ လည်းကောင်း၊ အမျိုးသမီးများ က “သခင်မ” ဟူ၍လည်းကောင်း အသီးသီး တရားဝင် အမည်ခေါင်းစီးတပ်၍ “တို့ဗမာ အစည်းအရုံးကြီး” ကို ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြပါသည်။ အဖွဲ့ဝင်အားလုံး၏ အမည်များကို “သခင်” သို့မဟုတ် “သခင်မ” ခေါင်းစီးများ တပ်ကြ သည်။ သခင် ကိုယ်တော်မှိုင်း၊ သခင် အောင်ဆန်း၊ သခင်နု၊ သခင်တင်၊ သခင်မကြီး ဒေါ်ချစ်၊ သခင်မကြီး ဒေါ်သိန်းတင်၊ လေထီးမယ် သခင်မကြီး ဒေါ်မြရီ စသည်ဖြင့် မှည့်ခေါ်ခဲ့ကြသည်။ ဆောင်ပုဒ်အားဖြင့်လည်း “ဗမာ ပြည်သည် - တို့ပြည်၊ ဗမာစာသည် - တို့စာ၊ ဗမာစကားသည် - တို့စကား၊ တို့ပြည်ကို - ချစ်ပါ၊ တို့စာကို - ချီးမြှင့်ပါ၊ တို့စကားကို - ‌လေးစားပါ” ဟူ၍ ဖြစ်သည်။ “တို့ဗမာ” သီချင်း ဟူ၍လည်း ပေါ်ပေါက်ခဲ့လေသည်။

 

အောင်ဆန်း- အက်တလီစာချုပ်၏ အဓိကအချက် ၁၀ ချက် (အကျဉ်း)

စာချုပ်ချုပ်သည့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ နောင်တစ်နှစ်အတွင်း စာချုပ်ပါ အချက်အလက်များနှင့် လိုအပ်ချက် များ ဖြည့်ဆည်းပြည့်စုံလျှင် ဗြိတိသျှအစိုးရက မြန်မာပြည်ကို လွတ်လပ်ရေးပေးမည်ဟူသည့် ကတိအချက်သည် အချုပ်ပင်ဖြစ်သည်။ လွတ်လပ်ရေးမရမီ ကြားဖြတ်ကာလတွင် မည်သို့မည်ပုံ ဆောင်ရွက်ကြရန်ကို ဗြိတိန် အစိုးရအဖွဲ့နှင့် မြန်မာအဖွဲ့တို့က အောက်ပါ အတိုင်း ကတိကဝတ်ပြုကြသော စာချုပ်ဖြစ်သည် -

 

(၁) တိုင်းရင်းသားလူမျိုးစုတို့နေထိုင်ရာ ပြည်နယ်ဒေသများ (Frontier Areas) နှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံကို ထိုပြည်နယ်ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုတို့၏ လွတ်လပ်သော သဘောတူညီမှုဖြင့် အချိန်မီ ပေါင်းစည်းရေးဖြစ်သည်။

 

(၂) ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီကို ကြားဖြတ်အစိုးရအဖြစ် အသိအမှတ်ပြုခံရသည်။

 

(၃) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနများ ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရအဖွဲ့က အုပ်ချုပ်ခွင့်ရသည်။

 

(၄) ဗြိတိသျှလက်နက်ကိုင်တပ်များမှအပ မြန်မာနိုင်ငံကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။

 

(၅) ဘဏ္ဍာရေးနှင့် စပ်လျဉ်း၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသည်။

 

(၆) မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် မဟာမင်းကြီးတစ်ဦး (High Commissioner) လန်ဒန်မြို့၌ ထားခွင့်ရသည်။

(၇) မြန်မာပြည်မနှင့် တောင်တန်းဒေသများကို တစ်ပေါင်းတည်း လွတ်လပ်ရေးပေးရန်အတွက် တောင်တန်း ဒေသများ၏ ဆန္ဒယူရန် သဘောတူကြသည်။

 

(၈) အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိ၍ ဤစနစ်ဖြင့် အရွယ်ရောက်သော ပြည်သူများက ရွေးကောက် တင်မြှောက်သော တိုင်းပြု ပြည်ပြု လွှတ်တော်ခေါ်ရမည်။

 

(၉) တိုင်းပြုပြည်ပြုလွှတ်တော်က မြန်မာ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် အနာဂတ်ကို ဆုံးဖြတ်ရမည်။

 

(၁၀) မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ တွင် အဖွဲ့ဝင်ဖြစ်ရေးအတွက် ဗြိတိသျှအစိုးရက ထောက်ခံကူညီမည်။

 

အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းသည် “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ဖြစ်ခဲ့ရပါသည်။ ဗြိတိသျှအစိုးရက ၁၉၄၅ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် “မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း (ခေါ်) စက္ကူဖြူ အုပ်ချုပ်ရေး (Burma Statement of Policy by H. M Government)” ကို အောင်ဆန်း- အက်တလီ စာချုပ်က အလိုအလျောက် ပျက်သုဉ်းစေခဲ့၏။ ထို့အပြင် စာချုပ်ပါအတိုင်း တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ပြီး အချုပ်အခြာအာဏာပိုင်သမ္မတ နိုင်ငံကို ထူထောင်ခွင့်ရခဲ့၏။ (H. M သည် “His Majesty” ကို အတိုကောက်ရေးခြင်းဖြစ်၍ ဘုရင် ကို ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ ဘုရင်မ ကို “Her Majesty”)

 

“စက္ကူဖြူစာတမ်း (White Paper)” ဆိုသည်မှာ ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် ဗြိတိသျှ အစိုးရက မြန်မာပြည်၏ အနာဂတ်အတွက် တရားဝင်ထုတ်ပြန်လိုက်သော စာတမ်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့ (နောင်တွင် ဖဆပလ)သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခံရသည့် ဘုရင်ခံ ဆာရက်ဂျင် နယ်ဒေါ်မန်စမစ် သည် ၁၉၄၅ ခုနှစ် ဇွန်လတွင် ရန်ကုန်သို့ တစ်ခေါက်လာခဲ့သည်။ ပြန်လည် ထွက်ခွာသွားပြီးနောက် အောက်တိုဘာလတွင် ထပ်မံရောက်ရှိလာပြန်သည်။ အကြောင်းမှာမူ ဖဆပလနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ပဋိပက္ခ ဖြစ်ရသောကြောင့်တည်း။ ထိုပဋိပက္ခကြောင့် မြန်မာပြည်မှ အပြီးထွက်ခွာရန် ဗြိတိသျှတို့ ဆုံးဖြတ်လိုက်ပြီး ၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံသည် ဗြိတိန်နိုင်ငံသို့ အပြီးတိုင် ပြန်သွားတော့သည်။

 

မှတ်ချက်- ဤဆောင်းပါးပါ ကဗျာသည် ဆောင်းပါးရှင်ကိုယ်တိုင် စပ်ဆိုထားသောကဗျာ ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်