အောင်အောင်IR
မြန်မာနိုင်ငံသားများ အတုယူသင့်သော ဂျပန်လူမျိုးများ ၏အကျင့်စရိုက်များနှင့်ပတ်သက်ပြီး ကျေးဇူးစကားဆိုပုံ၊ သန့်ရှင်းရေးဂရုစိုက်ပုံ၊ အလုပ်ကြိုးစားပုံ စသည်များ ရေးသားခဲ့အပြီး ယခုတစ်ကြိမ်တွင် ချွေတာခြင်းဆိုသည့် အကြောင်းအရာကို ဆွေးနွေးရေးသားပါမည်။ နိုင်ငံတကာတွင် ဂျပန်လူမျိုးများသည် အသုံးအစွဲချွေတာသူ၊ အသုံးအစွဲကျစ်လျစ်သူ၊ အနည်းဆုံးအခြေအနေနဲ့ နေထိုင်နိုင်သူများအဖြစ် လူသိများပါသည်။ သို့သော် ထိုသို့အသုံးအစွဲကိစ္စမှာ သန့်ရှင်းရေး၊ ယဉ်ကျေးပျူငှာမှု၊ အလုပ်လုပ်ပုံ စသည်များကဲ့သို့ ထင်သာမြင်သာ မဟုတ် သဖြင့် လူအများက ကြာရှည်စွာ သတိပြုမိခြင်းမရှိပါ။ ဂျပန်နိုင်ငံ ချမ်းသာသည်ဟု လူအများက ပြောကြသည်။ အငြင်းပွားစရာမရှိပါ။ ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်သီး စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံ ခုနစ်နိုင်ငံ (ဂျီ - ၇) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအား အလှူငွေအများဆုံး ထည့်ဝင်လှူဒါန်းနေသော နိုင်ငံများအနက်မှ တစ်နိုင်ငံ လည်း ဖြစ်ပါသည်။ သို့နှင့်တိုင် ဂျပန်နိုင်ငံသားများကတော့ နိုင်ငံက ချမ်းသာတယ်၊ ပြည်သူတွေကတော့ မချမ်းသာ ပါဘူးဟု ပြောလေ့ရှိပါသည်။ အမှန်လည်း ဂျပန်နိုင်ငံတွင် နိုင်ငံသားများအကြား လူနေမှုအဆင့်အတန်းသည် များစွာကွာခြားလှသည် မဟုတ်လေရာ တစ်ပြေးညီပုံစံမျိုး တွေ့ရပါသည်။ သာမန်ဂျပန်နိုင်ငံသားများအနေဖြင့်မူ အခြားအဆင့်တူ အနောက်နိုင်ငံသားများ၏ ချမ်းသာ ကြွယ်ဝခြင်းနှင့် နှိုင်းယှဉ်လျှင် ဂျပန်နိုင်ငံသားများ ချမ်းသာသည်ဟူသော အသုံးအနှုန်းကို လက်မခံတတ်ကြ ပါချေ။ မည်သို့ဆိုစေ နိုင်ငံချမ်းသာသည်ဆိုခြင်းမှာ နိုင်ငံသားများ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဆင့် အတန်းများလည်း မြင့်တက်လာခြင်းဖြစ်ပေရာ ဂျပန် လူမျိုးများ ချမ်းသာခြင်း၏အကြောင်းအချက်အချို့ကို သုံးသပ်ဆွေးနွေးပါမည်။
စနစ်တကျစိစစ်သုံးစွဲ
ချမ်းသာခြင်း၏ နောက်ကွယ်တွင် ပညာတတ်ခြင်း၊ ဝင်ငွေကောင်းခြင်း၊ အလုပ်အကိုင် ကောင်းခြင်း၊ ကံကောင်းခြင်းဆိုသည်များသာမက ချွေတာစုဆောင်းခြင်းဆိုသည်များနှင့်လည်း ကြီးမားစွာ ပတ်သက်နေပါ သည်။ လူတစ်ယောက် ရေရှည်အဆင်ပြေလျှင် လူအများသည် သူ၏ဝင်ငွေ၊ အလုပ်အကိုင် စသည်များဆီသို့သာ အာရုံရောက်တတ်သည်။ သို့သော် အဆင်ပြေခြင်း၊ ချမ်းသာခြင်းများနောက်ကွယ်မှ ချွေတာခြင်း၊ စုဆောင်း ခြင်း၊ စေ့စေ့စပ်စပ်နေထိုင်ခြင်းကိုမူ လူအများ သတိပြုမှု နည်းပါးလှပါသည်။ ဂျပန်နိုင်ငံသို့ ရောက်ရှိအနေကြာသော နိုင်ငံခြားသားများသည် ဂျပန်တို့ ငွေကြေး စိစစ်သုံးစွဲပုံကို သတိပြုမိကြသည်။ သူတို့နေထိုင်ရာနိုင်ငံများ၊ ရောက်ရှိ လည်ပတ်ရာနိုင်ငံအများစုတွင် လူအများသည် နေ့စဉ် ငွေကြေးသုံးစွဲရာတွင် အမှုမဲ့၊ အမှတ်မဲ့သုံးစွဲကြသော်လည်း ဂျပန်လူမျိုးအများစုမှာမူ ငွေကြေးကို စနစ်တကျစိစစ် သုံးစွဲတတ်ကြသည်ကို သတိပြုမိကြသည်။ မြန်မာနိုင်ငံ တွင်သာမက နိုင်ငံတကာတွင်လည်း ဂျပန်လူမျိုးအများစု သည် သိုသိုသိပ်သိပ်သာ နေထိုင်ကြသည်ဖြစ်ရာ ထိတွေ့ ဆက်ဆံသူအချို့က ဂျပန်တို့ကပ်စေးနှဲသည်ဟု ဝေဖန် ပြောဆိုလေ့ရှိသည်။ အင်တာနက်တွင်လည်း ဂျပန်တို့ မည်သို့ကပ်စေးနှဲကြောင်း ရေးသားထားသော အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးအချို့ကို တွေ့ရတတ်သည်။
စာရေးသူသည် နိုင်ငံရပ်ခြားသို့ အရောက်အပေါက် များသူဖြစ်ပြီး ဂျပန်လူမျိုးအချို့နှင့်လည်း ထိတွေ့ ဆက်ဆံမှုရှိလေရာ ဂျပန်လူမျိုးတို့ အသုံးအစွဲကျစ်လျစ်ပုံ ကို ကောင်းစွာသတိပြုမိသည်။ ကိုယ်ကိုယ်တိုင်က အသုံး အစွဲကျစ်လျစ်သဖြင့် ဂျပန်တို့အား ကပ်စေးနှဲသည်ဟု မသုံးနှုန်းလိုပါ။ ကပ်စေးနှဲသည်ဆိုသည်၏ အဓိပ္ပာယ်မှာ အနုတ်သဘော များစွာပါဝင်ပါသည်။ သို့နှင့်တိုင် ဂျပန် တို့၏ ထူးခြားသော အမူအကျင့်အချို့ကြောင့် ဂျပန်နှင့် နီးစပ်သော မြန်မာအချို့နှင့် နိုင်ငံတကာတွင် ဂျပန်တို့ ကပ်စေးနှဲသည်ဟူသောစကားမှာ အတန်အသင့် အပြော များပုံရပါသည်။ ကပ်စေးနှဲသည်ဆိုလျှင် အဘယ်ကြောင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း အလှူရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်နေရသနည်း။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး အလှူရှင် နိုင်ငံများစာရင်းတွင်လည်း ဂျပန်နိုင်ငံ အစဉ်အဆက် ပါရှိနေပါသည်။ ဂျပန်အစိုးရက နိုင်ငံတကာသို့လည်း နှစ်စဉ်ပညာသင်ဆုများ၊ သုတေသနဆုများ ပေးအပ် ချီးမြှင့်နေသည်။ စာရေးသူပင် ဘဝတွင် အဆိုပါ ဂျပန် အထောက်အပံ့များကို နှစ်ကြိမ် နှစ်ခါ ရရှိခဲ့ဖူးသည်။ သို့ဆိုလျှင် ဂျပန်တို့ ဘာကြောင့်အထင်အမြင် လွဲမှားခြင်း ခံနေရသနည်း။ အဆိုပါအမေးအတွက် အကြောင်းပြချက် များစွာရှိနိုင်သော်လည်း အဖြေတစ်ခုမှာ ချွေတာခြင်း ဆိုသည်ကို တွေ့ရှိရသည်။ ရေရှည်တည်တံ့စနစ်ကျသော ကြီးပွားချမ်းသာခြင်းအတွက်၊ တစ်နည်းအကြွေးကင်းသော၊ မိသားစုအား လောက်ငစွာထောက်ပံ့ပေးနိုင်သော အခြေ အနေတစ်ရပ်အတွက် ချွေတာစုဆောင်းခြင်းဆိုသည့် အလေ့အထမှာ အထူးပင်အရေးကြီးပါသည်။ ကပ်စေးနှဲခြင်း နှင့် ချွေတာခြင်းတို့သည် နီးကပ်စွာ ဆက်စပ်နေသည့်တိုင် မြင်အောင်ကြည့်လျှင် များစွာကွဲပြားပါသည်။ စာရေးသူ အမြင်တွင် ဂျပန်လူမျိုးတို့သည် ချွေတာခြင်းအနုပညာကို ကောင်းစွာလေ့ကျင့်အသုံးချတတ်သူများ ဖြစ်ပါသည်။
ငွေကြေးချွေတာစုဆောင်းသည့် အလေ့အထ
နိုင်ငံခြားသားများ ဂျပန်တို့၏ငွေကြေးသုံးစွဲပုံကို လေ့လာသောအခါ ခခဲဘို (Kakeibo) ဆိုသည့် ဝင်ငွေ၊ ထွက်ငွေသုံးစွဲခြင်းအလေ့အထ၊ တစ်နည်း ငွေကြေးချွေတာ စုဆောင်းသည့် အလေ့အထကို တွေ့ရှိကြသည်။ အမှန်တော့ ခခဲဘိုသည် မည်သို့မျှ ထူးထူးခြားခြား မဟုတ်ပါ။ ငွေကြေး မသုံးစွဲမီ မိမိကိုယ်ကို မေးခွန်းများများမေးပြီး သုံးသင့်သည် များကိုသုံးပြီး မသုံးသင့်သည်များကို မသုံးရန် ဖြစ်သည်။ ငွေကြေးမသုံးစွဲမီကတည်းက အသုံးစရိတ်ကို ကြိုတင် ပြင်ဆင်စီမံခန့်ခွဲခြင်း ဖြစ်သည်။ ဝင်ငွေနှင့် ထွက်ငွေ မျှတ စေရန် ရည်ရွယ်သည်။ လစဉ် မဖြစ်မနေသုံးရမည့်အရာများ နှင့် လက်ဆောင်၊ အလှူအတန်း၊ ရုပ်ရှင်ဂီတ စသည့်အပန်းဖြေ ပျော်ရွှင်မှုများ နုတ်ပယ်ပြီးလျှင် ကျန်ငွေကို စုဆောင်းရန် ဖြစ်သည်။ မှတ်တမ်းမှတ်ရာများထားဖို့ လိုအပ်သည်။ ငွေအသုံးပြုရာတွင် ငွေသားအသုံးပြုရန် အားပေးပြီး ဘဏ်ကတ်များအား ဖြစ်နိုင်လျှင်ရှောင်ရှားရန် အကြံပြု သည်။ မိမိ၏ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဝင်ငွေ၊ ထွက်ငွေများ အား မှတ်တမ်းပြုစုရာတွင် ကွန်ပျူတာမလို၊ အွန်လိုင်းစနစ် များမသုံးဘဲ ဘောပင်တစ်ချောင်းနှင့် စာအုပ်တစ်အုပ်သာ လိုအပ်သည်။ ခခဲဘိုမှာ အင်မတန်ရိုးရှင်းသည့်တိုင် အသုံး အစွဲကြီးသော နိုင်ငံခြားသားများ အထူးသဖြင့် အနောက် နိုင်ငံသားအချို့အမြင်တွင် အထူးအဆန်း အတုယူစရာ ဖြစ်နေပုံရပါသည်။ ခခဲဘိုအကြောင်း စာပေဆောင်းပါးများ နှင့် ဆွေးနွေးကြသလို ဟောပြောပွဲများတွင်လည်း ထည့်သွင်းဆွေးနွေးကြသည်ကို သတိပြုမိသည်။ ခခဲဘို အကြောင်းရေးရင်း စာရေးသူ၏ ကွယ်လွန်ပြီးဖြစ်သော ဖခင်ကြီးအား များစွာသတိရမိသည်။ အစိုးရဝန်ထမ်း လခစားဖြစ်သော ဖခင်ကြီးသည် သူ၏ လစာ၊ အစိုးရကား ဓာတ်ဆီရောင်းရငွေများနှင့် မိသားစုကို လောက်ငစွာ ထိန်းကျောင်းနိုင်ရန် အစ်မဖြစ်သူ ဈေးသွားလျှင် ဈေးဝယ် သည့် ကုန်ကျစရိတ်များကို အသေးစိတ်မှတ်တမ်းတင် ရေးသားစေသည်။ အစ်မဖြစ်သူကလည်း အသေးစိတ် မှတ်တမ်းတင်ရေးသားခဲ့သည်ဖြစ်ရာ တစ်နေ့ဈေးအသုံး စရိတ်၊ တစ်ပတ်ဈေးအသုံးစရိတ်၊ တစ်လပြည့်သော် တစ်လ ဈေးအသုံးစရိတ် ထွက်လာသည်။ ပိုငွေကို ကျောင်းစရိတ်၊ လူမှုအသုံးစရိတ်၊ အခြားကိစ္စများတွင် သုံးစွဲသည်။ ငွေကြေး စုဆောင်းမှု မည်မျှရှိခဲ့သလဲတော့မသိခဲ့ပါ။ မည်သို့ဆိုစေ စာရေးသူ၏အဖေသည် စာရေးသူ ခခဲဘိုအကြောင်း မသိရှိ၊ မလေ့လာမီကပင် ခခဲဘို၏ အခြေခံသဘောတရားအချို့ကို လက်တွေ့အသုံးပြုနေခဲ့သူ ဖြစ်ပါသည်။
ထို့အတူ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တို့စစ်ဒဏ် အကြီးအကျယ်ခံစားခဲ့ရချိန်ကာလ နိုင်ငံတကာအကူအညီ များကို မည်သို့အကျိုးရှိစွာ အသုံးချခဲ့ကြပုံ၊ ဂျပန်ပြည်သူများ အနည်းဆုံးအစားအစာ၊ သောက်သုံးရေတို့ဖြင့် ခက်ခဲသော ကာလကို ညည်းညူခြင်းမရှိဘဲ ညီညီညွတ်ညွတ် ဖြတ်ကျော် ကြိုးစားလုပ်ကိုင်ကြပုံ စသည်များကို ဖတ်ရှုရသည်။ စစ်ပြီး ကာလ ဂျပန်တို့သည် လူတစ်ဦးလျှင် ရေတစ်ပုလင်းကိုပင် တစ်နေ့တာအတွက် သတိနှင့် ချွေတာသောက်သုံးခဲ့ရသည် ဟု ဆိုပါသည်။ ယခုမူ အဆိုပါအခြင်းအရာအားလုံးသည် ဂျပန်တို့၏အတိတ်တွင် ကျန်ခဲ့ပြီ။ စာရေးသူ ဂျပန်တွင် ကျောင်းတက်ခဲ့စဉ် ဂျပန်မိသားစုတစ်စုနှင့် အတူနေရပါ သည်။ ဂျပန်အမေကြီး (အိုခါးဆန်) သည် စာရေးသူအား ကုန်ကျစရိတ်အနည်းဆုံးဖြင့် တစ်ဦးတည်း မည်သို့သန့်ရှင်း သပ်ရပ်စွာနေထိုင်ရမည်ကို သင်ကြားပြသ အကြံပြုသည်။ ဂျပန်တွင် ရေအဝင်၊ အထွက် ပိုက်ဆံပေးရသဖြင့် ညစာ စားပြီး အိုခါးဆန်နှင့် ပန်းကန်အတူဆေးလျှင် သတိနှင့် သုံးစွဲရသည်။ အိမ်တွင် မီးဖွင့်လျှင်လည်း လူရှိသည့်နေရာ တွင်သာ မီးဖွင့်သည်။ ညဘက် အခြားဂျပန်အိမ်များကို လေ့လာလျှင်လည်း လူရှိသည့်အခန်းသာ မီးလင်းသည်။ ငွေကို ချွေတာသည်။ ရေကို ချွေတာသည်။ မီးကို ချွေတာ သည်။ ကပ်စေးနှဲခြင်းမဟုတ်။ အလဟဿ မကုန်စေရန် ဖြစ်သည်။
ယဉ်ကျေးမှုကွာခြားခြင်း
စာရေးသူသည် တရုတ်နိုင်ငံသို့လည်း မကြာခဏ ရောက်ရှိသူဖြစ်ရာ တရုတ်လူမျိုးများသုံးစွဲပုံ အထူးသဖြင့် စားသောက်ဆိုင်များတွင် တရုတ်လူမျိုးများ မှာယူ စားသောက်ပုံနှင့် ဂျပန်လူမျိုးများ မှာယူစားသောက်ပုံမှာ များစွာ ကွာခြားလေသည်။ ဂျပန်တို့သည် ကုန်နိုင်သလောက် သာမှာယူပြီး၊ မှာယူပြီး အစားအစာများကိုလည်း ကုန်သည် အထိ စားလေ့ရှိသည်။ တရုတ်တို့မှာမူ စားပွဲအပြည့် မှာယူ လေ့ရှိပြီး စားပြီးလျှင် စားပွဲပေါ်တွင် အစားအသောက်များစွာ ကျန်နေလေ့ရှိပါသည်။ အားလုံးမဟုတ်တောင် အများစုမှာ ထိုသို့ကွဲပြားမှု ရှိပါသည်။ အစားအစာ ဈေးကြီးသည်၊ မကြီးသည်နှင့် မဆိုင်လှပါ။ ယဉ်ကျေးမှုကွာခြားခြင်း ဖြစ်သည်။ စာရေးသူ ဂျပန်နိုင်ငံ ယိုကိုဟားမား တရုတ်တန်း သို့ရောက်ရှိစဉ် တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ရောက်စားသုံးရာ လူသုံးဦးစားသည့် စားပွဲဝိုင်းတွင် စားသောက်စရာများ အပြည့်အသိပ်ဖြင့်ဖြစ်ပြီး နောက်ထပ် လူများလည်း ထပ်မလာဘဲ စားသောက်ပြီးသောအခါ အစားအသောက်များစွာ ကျန်လေသည်။ အခြားစားသောက်ပြီးသော စားပွဲဝိုင်းများအား လေ့လာလျှင်လည်း အနည်းနှင့်အများ ထိုသို့ပင် ဖြစ်နေတတ်သည်။ ထိုသို့ မြင်ကွင်းမျိုး ဂျပန်စားသောက်ဆိုင်များအတွင်း မြင်ရခဲပါလိမ့်မည်။
ငွေကြေးချွေတာရာလည်းရောက်
ဆောင်းပါးအဆုံးသတ် မြန်မာအလှည့်ရောက်ပါပြီ။ မြန်မာတို့ ချွေတာကြပါ၏လော။ စာရေးသူ များစွာကြုံဖူး ပါသည်။ အချို့ဆင်းရဲသူများသည် ဆင်းရဲချင်သဖြင့်သာ ဆင်းရဲနေကြခြင်း ဖြစ်ပါသည်။ သူတို့ကို မည်သူမျှ မကူညီ နိုင်ပါ။ အချို့သော အလေ့အကျင့်များ ပြုပြင်ရန်လိုအပ်ပါ သည်။ အချို့ရေကိုရတုန်း များပြားစွာ သုံးကြသည်။ မျက်နှာ တစ်ခါသစ်လျှင် ရေပိုက်ခေါင်း ဖွင့်ထားသည်။ အချို့မီးကို ရတုန်း များပြားစွာ သုံးကြသည်။ ညဘက်နေရာအနှံ့ မလို အပ်ဘဲ မီးချောင်းများ ထွန်းသည်။ မြန်မာနိုင်ငံတွင် ရေဖိုး၊ မီးဖိုးမှာ နိုင်ငံတော်က အရှုံးခံ ကျခံပေးနေသည်ဟု နားလည် ပါသည်။ သို့ဖြစ်ရာ ရေ၊ မီး မလိုအပ်ဘဲ ပိုမိုသုံးစွဲသည့်တိုင် ရေဖိုး၊ မီးဖိုး များစွာမပေးရပါ။ ရေနှင့် မီးအား လိုအပ် သလောက်သာ သတိနှင့် အသုံးပြုသည်ဆိုခြင်းမှာ အလေ့ အကျင့်ကောင်းတစ်ခုဖြစ်ပြီး ငွေကြေးချွေတာရာလည်း ရောက်ပါသည်။ နိုင်ငံတော်အားလည်း ကူညီရာရောက်ပြီး ယူတတ်လျှင် ကုသိုလ်ပင်ရပါသည်။ ယခု ကိုဗစ်ကာလ အတွင်း နိုင်ငံတော်က မီတာယူနစ်အချို့ အခမဲ့ပေးပါသည်။ အချို့အိမ်များ ကောင်းစွာလောက်ငပြီး အချို့အိမ်များ မီတာယူနစ်အချို့ အခမဲ့ရသည့်တိုင် မီတာခပေးနေရ သဖြင့် ညည်းညူကြသည်။ မီတာအသုံးပြုခများ လျှပ်စစ် ဌာနက တွက်ချက်ရာတွင် အမှားအယွင်းအချို့ ရှိနိုင်သည့် တိုင် ကိုယ့်အိမ်မီးသုံးစွဲမှုများကိုလည်း စိစစ်စေလိုပါသည်။
မြန်မာတို့ စားသောက်လျှင်လည်း သတိမရှိတတ် ပါ။ အထူးသဖြင့် အချို့ ငွေကြေးချို့တဲ့သူများ နည်းနည်း ငွေစရွှင်လျှင် များများစားပါသည်။ ကာရာအိုကေ၊ ရုပ်ရှင် အပျော် အပါးသွားကြသည်။ ဘီယာဆိုင်ထိုင်သူအများစုမှာ ငွေကြေးပေါများလှသဖြင့်မဟုတ်ဘဲ ရှိသလောက်နှင့် ခြစ်ခြုတ်ကာထိုင်သူက အများစုဖြစ်ပါသည်။ စာရေးသူ နယ်တွင် INGO တစ်ခုနှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့စဉ် စနေ၊ တနင်္ဂနွေကဲ့သို့ နေ့များတွင် စာရေးသူအား ရင်းနှီး သောဆင်းရဲသားအိမ်အချို့ (ငွေကြေးချို့တဲ့သည့် အိမ်အချို့)က မကြာခဏ ထမင်းစားဖိတ်ပါသည်။ ဝင်ရောက်မစား ဖြစ်သည့်တိုင် သူတို့ထမင်းဝိုင်းကို လှမ်းကြည့်လျှင် တစ်ခါတလေ ဟင်းခွက်များစွာ တွေ့ရသည်။ သူတို့က တော့ တစ်နေ့က ခြံလေးရောင်းလိုက်လို့၊ အမွေနည်းနည်း ရလို့၊ အရောင်းအဝယ်ကောင်းလို့၊ လစာထုတ်လို့ စသဖြင့် အကြောင်းပြပါသည်။ ဟင်းခွက်အတွင်း ဆီများရွှဲနစ် နေပြီး အသားတုံးကြီးများမှာ ကြီးမားလှပါသည်။ မြင်အောင်ပြောရလျှင် စာရေးသူတို့ အလယ်အလတ်လွှာ မိသားစုစားသုံးသည်ထက် ပိုမိုစားသုံးပါသည်။ ပြီးလျှင် တစ်မိသားစုလုံး ရုပ်ရှင်ကြည့်ကြသည်။ အပျော်အပါး ပွဲထွက်လည်ကြသည်။ ဘဝတစ်လျှောက် သူတို့ဤသို့ပင် နေထိုင်သုံးစွဲနေပုံရပါသည်။
စာရေးသူ နောက် ၁၀ နှစ်ခန့်အကြာ အဆိုပါ ရပ်ကွက်၊ အဆိုပါ မိသားစုများဆီသို့ ပြန်လည်ရောက်ရှိပါ သည်။ ဘာမျှ ထူးထူးခြားခြား မပြောင်းလဲပါ။ စာရေးသူ အိမ်အနီးမှာ ငယ်စဉ်က အမြဲဝယ်စားသော လမ်းဘေး ခေါက်ဆွဲဆိုင်လေး ရှိသည်။ လက်ရာအထူးကောင်းပါ သည်။ လူလည်း အတော်ကျသည်။ နောင် ၁၅ နှစ်၊ အနှစ် ၂၀ လည်း လမ်းဘေးခေါက်ဆွဲရောင်းနေတုန်းပင် ဖြစ် သည်။ မကြီးပွားမတိုးတက်ပေ။ ထို့အတူ စာရေးသူ ငယ်စဉ်က မကြာခဏဝယ်စားသော အထမ်းသည် တိုဟူး သုပ်သည်ကြီးရှိပါသည်။ လက်ရာကောင်းသည်။ စေတနာ ကောင်းသည်။ ယခုတိုင် တိုဟူးသုပ်ရောင်းနေဆဲ ဖြစ်သည်။ မကြီးပွားပါပေ။ သူတို့နှင့်ခင်သဖြင့် နေ့စဉ်အသုံးစရိတ် များကို စပ်စုမိသည်။ ဒီလိုပဲကုန်သွားတာပါပဲဟု အလွယ် ပြောကြသည်။ ဒီလိုပဲဆိုသည့်အထဲတွင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း၊ အဆိုးဆုံးမှာ လောင်းကစားများ ပြုကြခြင်းဖြစ်သည်။ စာရေးသူက နောင်ရေးအတွက် ငွေစုရန်ပြောလျှင် ဒီလောက်လေးနှင့် ဘာဖြစ်မှာမို့လို့လဲဟု တူညီစွာပြော တတ်သည်။ စာရေးသူခင်မင်သော အဆိုပါမြန်မာကြီးများ အား ကြီးပွားစေချင်ပါသည်။ အခြားအရှေ့တောင် အာရှသား သာမန်ပြည်သူများနည်းတူ အဆင့်တူ၊တန်းတူ ဖြစ်စေလိုပါသည်။ ဂျပန်နိုင်ငံသည် ဒီလောက်လေး ဆိုသည့် နေ့စဉ်ချွေတာစုဆောင်းခြင်းဖြင့် ကြီးပွား တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဂျပန်ဥပမာအား သူတို့အားပြောပြရန် ဝေးကွာလွန်းလှပါသည်။
ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ဆိုရှယ် မီဒီယာများတွင် အလုပ်အကိုင်၊ ငွေကြေးအဆင်မပြေ သဖြင့် ညည်းညူသံများ ကြားရသည်။ တစ်ချိန်က ဝင်ငွေကောင်းစဉ်၊ အလုပ်ရှိစဉ် မစုဆောင်းခဲ့သည်များကို နောင်တရကြောင်း ဖွင့်ဟပြောဆိုသူများ တွေ့ရသည်။ ငွေကြေးချွေတာစုဆောင်းကြရန် တိုက်တွန်းနှိုးဆော်သံ များ ကြားရသည်။ ကိုဗစ်-၁၉ ရောဂါကပ်ဘေးသည် ရေရှည်တိုက်ပွဲဖြစ်သည်။ လူသားတို့၏ အနာဂတ် လုပ်ဆောင်မှုတိုင်းတွင် အသိ၊ သတိကပ်ငြိစေရမည့် သတိပေးတပ်လှန့်သံလည်း ဖြစ်လေသည်။ နောင်တွင် လည်း မည်သို့သောကပ်ရောဂါများ ကျရောက်လာဦးမည် ကို မည်သူမျှ မှန်းဆသိမြင်နိုင်ခြင်းမရှိပေ။ တစ်နည်း အနာဂတ်သည် ပိုမိုမသေချာ ဖြစ်လာနေပြီဖြစ်သည်။ ချွေတာခြင်းအနုပညာအား နိုင်ငံတိုင်းတွင် ပြောဆို ဆွေးနွေးနေကြပြီ ဖြစ်ပါသည်။