ပဲခူး၊ ၂၆  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီက JICA ၏ အစီအစဉ်ဖြင့်ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြစီမံကိန်းများအား ရေးဆွဲရာတွင် မြို့နယ် တစ်ခု၏ လူဦးရေတိုးတက်မှု၊ စက်မှု/လက်မှု ဖွံ့ဖြိုးတိုးတက်မှု၊ ဝင်ငွေလည်ပတ်မှု၊ ဝင်ရောက်လာမည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စီမံကိန်းများအပေါ် မူတည်၍ စနစ်ကျသော၊ နေပျော်ဖွယ်ကောင်းသော မြို့ပြတစ်ခုဖြစ်စေရေး ကြိုတင်ရေးဆွဲထားရခြင်းဖြစ်ပြီး အနာဂတ်တွင် စီပွားရေးအရ အလားအလာကောင်းသည့် ပဲခူးမြို့အတွက် (၂၀၄၀)တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပေါ် မျှော်မှန်းပြီး JICA အဖွဲ့မှ ကဏ္ဍအလိုက် မြို့ပြစီမံကိန်းများ ရေးဆွဲထားပေးမှုကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် JICA Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr.SAKAKURA Noriji က ပဲခူးမြို့အတွက် ၂၀၄၀ ခုနှစ်အထိ ရေရှည်၊ ရေတို ဆောင်ရွက်ရမည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် အကျဉ်းချုပ်ကို လည်းကောင်း၊ JICA Study Team မှ တာဝန်ရှိသူတစ်ဦးက  အိုးအိမ်ဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့၏ မြို့ပြစီမံကိန်းရေးဆွဲထားမှုအပေါ် အခြေခံ၍ ပဲခူးမြို့တွင် ပဲခူးမြို့အတွင်း ပထမ(၅)နှစ်၊ ဒုတိယ(၁၀)နှစ်၊ တတိယ နှစ် (၂၀) စသည့် နှစ်စဉ်ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ထပ်မံဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

     

ပဲခူးမြို့သည် နောင်အနာဂတ်တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြောင့် မြန်မာနိုင်ငံ၏ အဓိကထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုလက်မှု ဗဟိုမြို့တော်တစ်ခုအဖြစ်အပြင် နိုင်ငံတကာ၏ လေဆိပ်နှင့် ကုန်းတွင်းဝင်ပေါက်တစ်ခုဖြစ်လာနိုင်မည်ဖြစ်၍ လိုအပ်သော လမ်း၊ တံတား၊ လျှပ်စစ်၊ ကဏ္ဍအလိုက် ဇုန်နယ်မြေများ ခွဲခြားထားခြင်း၊ ယာဉ်ရပ်နားစခန်း၊ ကုန်တင်ကုန်ချစခန်း၊ အပန်းဖြေရန် နေရာ၊ ဟိုတယ်ဇုန်များ၊ မီးရထားဘူတာ အဆင့်မြှင့်တင်ခြင်း စသည်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)