ပြင်ဦးလွင်၊  ၁၉   ဇန်နဝါရီ

ပြင်ဦးလွင်မြို့၏ အလှအမှတ်သင်္ကေတတစ်ခုဖြစ်သည့် ချယ်ရီပန်းမျာသည် ယခုအခါ တစ်မြို့လုံး၌ မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပ ပွင့်ဖူးလျက်ရှိနေရာ အဆိုပါ ချယ်ရီပန်းများအား ခူယူခြင်းမပြုကြဘဲ မြို့၏ အလှကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်သွားကြရန် မေတ္တာရပ်ခံထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးလေးမြင့်အောင်၏ ပြောပြချက်အရ သိရသည်။

ပြင်ဦးလွင်မြို့၌ ပေါက်ရောက်ရှင်သန်ပွင့်ဖူးနေကြသည့် ချယ်ရီပန်းပင်များအား ၁၉၈၆ ခုနှစ်တွင် မေမြို့ မြို့ပြစီမံကိန်းအဖြစ် ဖော်ဆောင်မြို့တည်ခဲ့သည့် အင်္ဂလိပ်တို့က အင်္ဂလန်မှ အထူးမှာယူတင်ပို့ခဲ့သည့် အပင်များစွာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအခါ မျိုးဆက်ပြန့်ပွားကာ ပြင်ဦးလွင်တစ်မြို့လုံး၌ နေရာအနှံ့စိုက်ပျိုးထားရှိလျက် ရာသီချိန်များ၌ အချိန်မှန်မှန် ပွင့်လန်းလျက်ရှိနေကြသည်။

ချယ်ရီပန်းများသည် နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှစတင်၍ ဖူးပွင့်လျက်ရှိကြပြီး ဖေဖော်ဝါရီ၊ မတ်လ အထိ အပင်ပေါ်တွင် အပွင့်များ တင်ကျန်နေကာ ဆက်လက်ပြီး ချယ်ရီသီးများ သီးလေ့ရှိသည်။ ချယ်ရီပန်း၏ မူလမျိုးရင်းမှာ နှင်းဆီမျိုးရင်းဖြစ်ပြီး ပရုနပ်အဗီယမ်အချိုမျိုးနှင့် ပရုနပ်စီရာဆပ် အချဉ်မျိုးဟူ၍ နှစ်မျိုးနှစ်စားရှိလျက် ပြင်ဦးလွင်မြို့၌ ပေါက်ရောက်နေသည့် ချယ်ရီပင်များသည် ပရုနပ်အဗီယမ်အချိုမျိုးကြောင်း သိရသည်။

ချယ်ရီပန်းကို ကချင်လူမျိုးတို့က ပန္န၊ ပန္နီ၊ ဗျင်ဗျိုင်း ဟု ခေါ်ဆိုကြပြီး ရှမ်းမျိုးတို့က မိုင်စိန်ဟူ၍ ခေါ်ဆိုကြကာ မြန်မာနိုင်ငံ၌ ချယ်ရီပန်းဟူ၍သာ လူသိများကျော်ကြားသည်။ ပြင်ဦးလွင်မြို့၌ ချယ်ရီပင်များ ပိုမိုများပြားစွာ ရှင်သန်ပေါက်ရောက် ဖူးပွင့်စေရေးအတွက် နှစ်စဉ် ချယ်ရီပင်များကို တိုးချဲ့ စိုက်ပျိုးလျက်ရှိသည်။ ထို့ကြောင့် ပြင်ဦးလွင်မြို့၏ အလှသင်္ကေတဖြစ်သည့် ချယ်ရီပန်းများကို ခူးယူခြင်းမပြုကြရန်နှင့်  ချယ်ရီပန်းပင်များကို တန်ဖိုးထား ထိန်းသိမ်းစေလိုကြောင်း  မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မေတ္တာရပ်ခံထားကြောင်း သိရသည်။

သက်နိုင်(ပြင်ဦးလွင်)