ပင်လည်ဘူး၊ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပင်းသာကြီးကျေးရွာနေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် စပါးအပြင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေး အထောက်အကူများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ မမြင့်ချိုထံမှ သိရသည်။
အဆိုပါ ဂန္ဓမာပန်းများကို နှစ်စဉ် စပါးများ စိုက်ပျိုးပြီးချိန်တွင် စိုက်ပျိုးကြပြီး လေးလလောက်အကြာတွင် ဈေးကွက်သို့ စတင်ချိုးယူ ရောင်းချကြောင်း၊ ပန်းပွင့်ကြီးပြီး အခက်ကြီး သုံးခက်ကို ၁၀၀၀ ကျပ်ရောင်းရကြောင်း၊ ပန်းစိုက်ရာတွင် မြေပေါင်များပြုလုပ်၍ တစ်ပေါင်လျှင် အပင် ၅၀၀ မှ ၁၀၀၀ ထိ စိုက်ပျိုးကြောင်း၊ ပန်းမျိုးများအဖြစ် ရွှေဖြူ၊ ရွှေဝါဝင်း၊ စပယ်ဖြူ၊ အသည်းနီ၊ ရွှေစိမ်း၊ လပ်ကီးနီများ စိုက်ပျိုးကြောင်း အဆိုပါ ပန်းများကို နေ့စဉ် မြို့နယ်စည်ပင်သာယာဈေးသို့ သွားရောက်ရောင်းချကြောင်း သိရသည်။
ဂန္ဓမာပန်းများကို ဘုရားကပ်လှူရန် အများဆုံး ဝယ်ယူကြကြောင်း၊ အိမ်နောက်ဖေး မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားပန်းများနှင့် သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချ၍ တစ်နှစ်ကို ငွေကျပ် သိန်း ၂၀ ခန့်ရရှိ၍ မိသားစုစီးပွားရေး၊ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


