ရန်ကုန်၊ ၁၄ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာဖြင့် ကာကွယ်ထိန်းချုပ် ကုသပေးနိုင်ရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
“နှာစေး၊ ချောင်းဆိုးတဲ့ ပြည်သူတွေကို ထိရောက်တဲ့ကုသမှုနဲ့ စစ်ဆေးမှုတွေပေးချင်ပါတယ်၊ ဖျားနာကုသဆေးခန်းတွေ ပေါ်လာတဲ့အခါကျတော့ ကျွန်မတို့ ဒီလူတွေကို ရှာဖွေပြီးတော့ ဖော်ထုတ်ပေးနိုင်မှာပါ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ စနစ်တကျဖြစ်စေဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ခုဖွင့်လှစ်မယ့်နေရာကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပြင်ဆင်ဆောင်ရွက်သွားမှာပါ၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း ရေရှည်ဆောင်ရွက်ပေးနိုင်ဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်၊ ဒီလိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဌာနဆိုင်ရာများ၊ ပြင်ပက စေတနာ့ဝန်ထမ်း ဆရာဝန်များနဲ့ ပရဟိတအဖွဲ့များ၊ အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစုစုလှိုင်က လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းတို့က ဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက် အကြံပြုဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း ဆရာဝန်များနှင့် ပရဟိတအဖွဲ့တို့က ဆေးခန်းဖွင့်လှစ်မည့် နေရာအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အနည်းငယ်လျော့ပါးလာသော်လည်း ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ရှာဖွေဖော်ထုတ်ကုသပေးနိုင်ရေးအတွက် မြို့နယ်အတွင်း လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်းကို ကမာကသွယ်ရပ်ကွက် ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အမှတ်(၁၇) အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ဆေးခန်းနေရာအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြီးစီးသွားပါက အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ခံစားနေရပါက ကျန်းမာရေးစောင့်ရှောက်မှု ဆောလျင်စွာ ခံယူနိုင်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


