ကန်ကြီးထောင့်၊ ၁၃ ဒီဇင်ဘာ
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒါးကနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီများ သိုလှောင်ရောင်းချရာတွင် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် သတိပြုလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူများ မီးဘေးသတိ အမြဲရှိနေစေရေးတို့အတွက် မီးသတိပေးချက်များအား မြို့နယ်အတွင်းသို့ လှည့်လည်အသိပေး နှိုးဆော်ခြင်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)


