ကျွန်းစု ၊ ၉ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့တွင် မြိတ်မြို့မှ ပြေးဆွဲနေသော အမြန်ရေယာဉ်များမှ မြို့အဝင်ဆိပ်ကမ်းသို့ ပြည်သူများ အတက်/အဆင်း အခက်အခဲရှိသည့်အတွက် ဇွန်လမှစ၍ ပြည်သူများ အဆင်ပြေချော့မွေစွာ ခရီးသွားလာနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်၌ ဆိပ်ခံ တံတားကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းပြီးစီး၍ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများ အတက်/အဆင်း အဆင်ပြေလျက်ရှိကြောင်း ဒီဇင်ဘာ ၉ ရက်က သိရသည်။
“အရင်ကထက်စာရင် ခုတော့ပိုကောင်းတာပေါ့။ ခရီးသည်တွေလည်း အတက်/အဆင်း အဆင်ပြေတယ်။ ပြီးတော့ အချိန်မရွေး မိုးတွင်းပဲဖြစ်ဖြစ် နွေရာသီပဲဖြစ်ဖြစ်၊ အကုန်လုံး သွားလာလို့ အဆင်ပြေတယ်၊ အတက်/အဆင်းလည်း ကောင်းတယ်။ ကုန်တင်/ကုန်ချလည်း တစ်လမ်းစီ လုပ်ပေးထားတယ်၊ ဆိုင်ကယ်တွေ တင်မယ်ဆိုရင်လည်း တစ်လမ်းစီ၊ အရင်တုန်းကဆိုတော့ ဆိုင်ကယ်တင်တာနဲ့ လူဆင်းတာနဲ့ ရှုပ်နေတာပေါ့။ ခုကတော့ လှေအဝင်/အထွက်လည်း အဆင်ပြေတယ်” လို့ ဂန္ဓမာပဲ့နင်း ဦးခင်မောင်ညွန့်က ပြောသည်။
အဆိုပါ တံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ်ဆိပ်ခံ ဧရိယာ ၁၁၆၀ စတုရန်းပေ အသစ် တည်ဆောက်ခြင်း၊ မူလဆိပ်ခံဘော ၉၉၀ စတုရန်းပေအား ပြန်လည်ပြုပြင်ခြင်းနှင့် (၄၈' x ၂၀' x ၆'-၆")အရွယ် သံမဏိဆိပ်ခံဘော အသစ်တစ်လုံး တပ်ဆင်ခြင်းတို့ကို ငွေကျပ်(၂၆၆ ဒသမ ၅)သန်းဖြင့် SHAP COMPANY LIMITED က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
“တံတားက အရင်ကတော့ အတက် အဆင်းနဲ့ ကုန်တင်ကုန်ချလုပ်ရတာ အခက်အခဲရှိတယ်။ အခုက တစ်ပြေးညီဖြစ်သွားတာကြောင့် အတက် အဆင်းနဲ့ ကုန်တင်ကုန်ချပါ အဆင်ပြေပါတယ်။ ရေချိန်နဲ့ အလုပ်လုပ် ရတာဆိုတော့ ကုန်တင် ကုန်ချလုပ်ရင် အဆင်ပြေချောမွေ့စွာနဲ့ အမြန်ဆုံး တင်/ချနိုင်ဖို့က ကျွန်တော်တို့မှာ အဓိကကျပါတယ်။ ဒီတံတားကလည်း အတက် အဆင်း လုပ်ရတာ အဆင်ပြေပါတယ်။ လုပ်ပေးထားတာလည်း တော်တော်လေး ကောင်းပါတယ်” လို့ ကုန်တင် ကုန်ချအဖွဲ့ အလုပ်သမားမှူး ဦးသီဟက ပြောသည်။
လုပ်ငန်းစတင်အကောင်အထည်မဖော်မီအချိန်အတွင်း အမြန်ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးအတွက် ယာယီ ဆိပ်ခံတံတားတစ်စင်း ဆောက်လုပ်ပေးခဲ့ကြောင်းနှင့် ယခုအချိန်တွင် ပြည်သူများ ခရီးသွားလာရာ၌ အတက် အဆင်း အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


