ကော့သောင်း ၃၀ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ကော့သောင်းမြို့တွင် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူ ဒေသခံပြည်သူ မိသားစုများ စီးပွားရေး အထိုက်အလျောက် အဆင်ပြေ ဝင်ငွေကောင်းလျက်ရှိကြောင်း နိုဝင်ဘာ ၃၀ ရက်က သိရသည်။
ကော့သောင်းမြို့နေ ဒေသခံ အခြေခံလူတန်းစားထက်ဝက်ကျော်သည် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်ကြပြီး ရောဂါထိန်းချုပ်မှုကာလအတွင်း ကမ်းဝေးငါးဖမ်းလှေတချို့ ရပ်နားထားသော်လည်း မြို့နေပြည်သူများ နေ့စဉ်စားသုံးရန် လိုအပ်သည့် ပင်လယ်ငါးလိုအပ်ချက်ကို ကမ်းနီးငါးဖမ်းလှေငယ်များက လုပ်ကိုင်ဖြည့်ဆည်းပေးလျက်ရှိသည်။
ကမ်းနီးငါးဖမ်းလုပ်ငန်းသည် ယခင်ကာလများက မြို့နေပြည်သူစားသုံးမှု လိုအပ်ချက်ထက် ပိုလျှံသဖြင့် ထိုင်းနိုင်ငံ ငါးဈေးကွက်သို့ တင်ပို့ရောင်းချမှုဖြင့် စီးပွားရေးအဆင်ပြေခဲ့ကြသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း များကြောင့် ထိုင်း-မြန်မာ နယ်စပ်ရေထွက်ကုန်များ တင်ပို့ရောင်းချခွင့်ရပ်နားထားရာ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေးအခက်အခဲအချို့ ဖြစ်ပေါ်မှုများရှိသည်။ ပြည်ပသို့ တင်ပို့ခွင့်မရသောကြောင့် မြို့နေပြည်သူများ နေ့စဉ်စားသုံးမှုမှ ပိုလျှံသည့် ပင်လယ်ငါးများကို အခြောက်လှမ်းကာ ငါးခြောက်လုပ်ငန်းအဖြစ် လုပ်ကိုင်ရောင်းဝယ်မှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူ အခြေခံလူတန်းစားများ ဝင်ငွေအထိုက်အလျောက်ရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိသည်။
ကမ်းနီးငါးဖမ်းလှေများမှ ဖမ်းယူရရှိသည့် ပင်လယ်ငါးတစ်မျိုးဖြစ်သည့် ဒေသအခေါ် အရိုးစိမ်း ငါးခြောက်တစ်ပိဿာ လျှင် ပေါက်ဈေးကျပ် တစ်သောင်းငါးထောင် ကျော်ခန့်ရှိပြီး ပိုမိုကောင်းမွန်သည့် ဇလုံးငါးခြောက် တစ်ပိဿာလျှင် ကျပ် နှစ်သောင်းကျော်အထိ ရောင်းချရကြောင်း၊ ရောင်းချသူများ အနေဖြင့်လည်း ငါးအစိုရောင်းချရာတွင် ရက်ကြာပါက ပုပ်သိုးဆုံးရှုံးမှုများ ကြုံရပြီး ငါးခြောက်မှာ တာရှည်အထားခံ ရောင်းချနိုင်သဖြင့် ဆုံးရှုံးမှုနည်းပါးကာ အခြေခံလူတန်းစား မိသားစုများအတွက်လည်း ပိုမိုအဆင်ပြေကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


