ကျောက်ပန်းတောင်း ၂၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ကျောက်ပန်းတောင်း-မြင်းခြံသွား ကားလမ်းမကပ်လျှက် ပုပ္ပားတောင် (မီးငြိမ်းတောင်)၏ မီးတောင်ဝခေါ် ချွန်းမလွန်း ချောက်ထဲတွင်ရှိသည့် ပုပ္ပားမျောက်မျိုးစိတ်သစ် (Popa Langur–Trachypithecus popa) သည် မြန်မာနိုင်ငံ တစ်နိုင်ငံထဲတွင်သာရှိသည့် မျိုးစိတ်ဖြစ်ကြောင်း ဂျာမန်ပရိုင်းမိတ်စင်တာက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း ဒေါက်တာ နော်မေလေးသန့် National Landscape Coordinator သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ထံက သိရသည်။
ပုပ္ပားမျောက်မျိုးစိတ်သစ်၏ မျိုးရိုးဗီဇစမ်းသပ်မှု (DNA) ကို ၂၀၁၀ ကတည်းက ဒေါက်တာနော်မေလေးသန့် ပါရဂူဘွဲ့စာတမ်းအတွက် စလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းသို့လုပ်ဆောင်စဉ် ကတည်းက အဆိုပါမျောက်မျိုးစိတ်၏ DNA ရလဒ်သည် ယခင်တွေ့ရှိခဲ့သည့် Phayre”s Langur- Trachypithecus Phayrel နဲ့မတူဘဲ ကွဲပြားနေသဖြင့် ၂၀၁၃ ခုနှစ်တွင် လေ့လာစမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပညာရှင်များနှင့် နိုင်ငံတကာမှ ပညာရှင်များလည်း ပါဝင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ပုပ္ပားမျောက်မျိုးစိတ်သစ် (Popa Langur Trachypithecus popa) မျောက်များကို ရှမ်းပြည်နယ် ပန်းလောင်ပြဒါးလင်း၊ ပဲခူးရိုးမ၊ ကရင်ပြည်နယ် ရသေ့ပျံတောင်ဒေသများတွင် တွေ့ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကလွဲပြီး အခြားနိုင်ငံများတွင် မရှိကြောင်း သိရသည်။
မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်ပြီး မျိုးတုန်းသွားခဲ့ပါက အဆိုပါမျိုးစိတ်ပျောက်ကွယ်သွားနိုင်သဖြင့် ထိန်းသိမ်းထားရမည့် ပုပ္ပားမျောက်မျိုးစိတ်ဖြစ်ကြောင်း၊ အဆိုပါမျောက်များကို ဒေသခံများက မျောက်သူတော်ဟု ခေါ်ဆိုကြောင်း၊ စိုက်ခင်းများကို မဖျက်စီးကြဘဲ ညောင်သီး၊ ညောင်ရွက်၊ သဖန်းသီး၊ ကတွတ်သီးများကို နှစ်သက်စွာ စားသုံးကြကြောင်း ဒေါက်တာနော်မေလေးသန့် National Landscape Coordinator သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)က ရှင်းပြသည်။
ပုပ္ပားမျောက်မျိုးစိတ်သစ်သည် ပုပ္ပား ချွန်းမလွန်းချောက်ထဲတွင် ကျင်လည်ကျက်စားကြသည်။ စားစရာပေါများပြီး လူသူအရောက်အပေါက်နည်းသည့် တောမြိုင်များကို ပို၍နှစ်သက်ကြကြောင်း၊ လူကို အင်မတန်ကြောက်ကြကြောင်း၊ လူသံ၊ ခွေးသံကြားရင် ထွက်ပြေးကြကြောင်း ပုပ္ပားတွင် ခန့်မှန်းကောင်ရေ ၁၁၀ လောက်ရှိနေသေးကြောင်း သိရသည်။
အဆိုပါမျောက်များ ကျက်စားနေသည့့်် နယ်မြေသည် ပုပ္ပားတောင်သစ်တောဦးစီးဌာနက ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ ပြည်တွင်းဘုရားဖူးများအနေဖြင့် တောင်ကလပ်ဘက်သာ အရောက်များပြီး မီးတောင်ထိပ်ဝရှိသည့် တောင်မကြီးဘက်ကို တောင်တက်ဝါသနာပါသူများ၊ ပြည်ပခရီးသွားများ၊ သုတေသနလုပ်သူများသာသွားကြကြောင်း၊ ထိုမျောက်များက လူကိုကြောက်တတ်သည့်အတွက် လူအသွားအလာ များလာပါက မကောင်းနိုင်ကြောင်း တစ်ကမ္ဘာလုံးတွင် အကောင်အရေအတွက် ၂၅၀ ပတ်ဝန်းကျင်သာရှိတော့သည့် အတွက် မျိုးတုန်းပျောက်ကွယ်နိုင်သည့်အန္တရာယ် သေချာပေါက်ရှိနေကြောင်း ဒေါက်တာ နော်မေလေးသန့်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင်သာရှိသည့် မျောက်မျိုးစိတ်သစ်တစ်မျိုးကို ပုပ္ပားဒေသမှာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းက ဂုဏ်ယူစရာ ကောင်းကြောင်း၊ ဒေသကိုအစွဲပြုပြီး နာမည်ပေးနိုင်ခဲ့ခြင်းကလည်း ပိုပြီးဝမ်းမြောက်စရာကောင်းကြောင်း၊ တစ်ကမ္ဘာလုံးက ပုပ္ပားဒေသကို ယခုတွေ့ရှိသည့် မျောက်မျိုးစိတ်သစ်နှင့် ယှဉ်တွဲသိရှိသွားပြီး နောက်ပိုင်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ပိုပြီးအထောက်အကူပြုလာနိုင်ရာ အကန့်အသတ်ဖြင့် ခွင့်ပြုဖို့လည်းလိုကြောင်း၊ ပြည်သူလူထု အနေဖြင့် ရှားပါးမျောက်များကို ထိန်းသိမ်းတဲ့နေရာမှာ ပူးပေါင်းပါဝင်ကြဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် ပုပ္ပားအပါအဝင် အဆိုပါမျောက်များကျက်စားနေသည့် အရပ်ဒေသက ဒေသခံပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက်ကာကွယ်ပေးကြဖို့ လိုအပ်ကြောင်း ဒေါက်တာ နော်မေလေးသန့်က ရှင်းပြသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


