၂၂ နိုဝင်ဘာ

ပုဂံဒေသရောက်သူတိုင်း ပုဂံသရပါတံခါးဆီ အရောက်သွားလေ့ရှိသည်။ ပညာရှင်များ၏ လေ့လာမှုများအရ တံခါး ၁၂ ရပ်ရှိသည့်အနက် သရပါတံခါးသည် ပျူအထောက်အထား၊ ပျူစရိုက် လက္ခဏာများပါဝင်သော တံခါးအဖြစ် အုတ်ရိုးများက သက်သေပြနေသော အဖိုးတန်သမိုင်းဝင် တံခါးပင်ဖြစ်သည်။ သရပါတံခါးကို ပျဉ်ပြားမင်းနောက် မင်းအဆက်ဆက်ပြုပြင်ခဲ့ပြီး ကျန်စစ်မင်းလက်ထက် ပြုပြင်မှုမှာ အထင်ရှားဆုံးဖြစ်ကြောင်း သိရသည်။

သရပါတံခါးဆီ မရောက်သမျှ ပုဂံကိုရောက်သည်ဟု မခေါ်ဟုပင် တင်စားထားကြသည်။ သရပါတံခါးကို ခရစ်နှစ် ၉ ရာစုတွင် ပျဉ်ပြားမင်း (အေဒီ၈၄၆-၈၇၈) က တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉)တွင် ပုဂံမြို့ကိုတည်ရာ ပုဂံကျုံးမြို့ရိုး လေးမျက်နှာပတ်လည်တွင် တံခါး ၁၂ ရပ်ပါရှိခဲ့သည်။ ထိုတံခါးများတွင် အရှေ့မျက်နှာအလယ်ဗဟိုတံခါးဖြစ်သည့် သရပါတံခါးတစ်ခုသာ ထင်ထင်ရှားရှား ကျန်ရှိပြီး ပုဂံဒေသ၏ အထင်ကရနေရာအဖြစ် ထင်ရှားသည်။ သရပါဟူသော အမည်မှာ မြားကိုဆီးကာသော တံခါးဟု အဓိပ္ပာယ်ရပြီး တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိနတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာနှမတော်နတ် ရုပ်)တို့၏ နတ်ကွန်းများဖြင့် စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

ပုဂံဒေသသည် မြန်မာနိုင်ငံ၏ အသဲနှလုံးဟု တင်စားထားသော ဒေသပင်ဖြစ်သည်။ အရိမဒ္ဒနပူရ၊ တမ္ပဝတီ၊ သီရိပစ္စယာ၊ ပေါက္ကံရာ မဆိုသောအမည်များဖြင့် ထင်ရှားခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးတည်ရှိရာ အလှပဆုံးသော ဒေသပင်ဖြစ်သည်။ ပြည်တွင်းဘုရားဖူးများသာမက ပြည်ပမှလာရောက်လည်ပတ်သူများ၏ ခံယူချက်တွင် ပုဂံမရောက်ဖူးလျှင် မြန်မာနိုင်ငံကို ရောက်သည်ဟု မဆိုနိုင်ဟုပင် တင်စားထားကြသည်။

လက်ရှိကာလတွင် ပုဂံဒေသရောက်သူတိုင်း သရပါတံခါးဆီ အားထားသွားရောက်သော နေရာတစ်ခုအဖြစ် တည်ရှိနေသည်။

တိမ်တမန်