ဖားကန့် ၇ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အသွားအလာကန့်သတ်ထားသည့် ကိုဗစ်-၁၉ ရောဂါပိုး အများဆုံး တွေ့ရှိရာ တောင်ပြိုကျေးရွာ၌ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပေးကြမည့် ကျေးရွာပြည်သူ ၈၀၀ ကျော် အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အတိအကျ လိုက်နာပြီး ပြည်သူများ မဲပေးခွင့်ရရှိအောင် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တောင်ပြိုကျေးရွာ တာဝန်ခံထံမှ သိရသည်။
"မဲပေးမယ့်ပြည်သူတွေအတွက် ကျေးရွာက ဗုဒ္ဓယဉ်ကျေးမှု မူကြိုကျောင်းမှာ မဲရုံပြင်ဆင်ထားပါတယ်၊ ဗုဒ္ဓယဉ်ကျေးမှု မူကြိုကျောင်းက အရင်က အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာပါ၊ အောက်တိုဘာ ၁၃ ရက်နေ့တည်းက အဲ့ဒီနေရာမှာ ဘယ်သူမှမထားတော့ပဲ ပိုးသတ်ဆေးဖျန်း ထားတာပေါ့၊ မနေ့ကလည်း ဆေးဖျန်းထားပါတယ်"ဟု တောင်ပြိုကျေးရွာ တာဝန်ခံ ဦးသန်းရွှေက ပြောသည်။
တောင်ပြိုကျေးရွာ၌ လူဦးရေ ၁၇၁၄ ဦးရှိသည့်အနက် ဖားကန့်မြို့နယ်အတွက် မဲပေးခွင့်ရသူ ပြည်သူ ၈၄၀ ဦးရှိပြီး အသက် ၆၀ နှစ်အထက် သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းသူများမှ ကြိုတင်မဲ ပေးခွင့်ရှိသူ ၄၂ ဦးအနက် ၃၁ ဦးမှာ ကြိုတင်မဲပေးခဲ့ပြီးဖြစ်သည့်အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပေးရန် ပြည်သူ ၈၀၉ ဦးရှိနေကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉၂ ဦးရှိသည့်အနက် တောင်ပြိုကျေးရွာတစ်ရွာထဲမှ ပိုးတွေ့သူ ၈၄ ဦး ထိရှိခဲ့ပြီး နောက်ဆုံးပိုးတွေ့သူ (၈)ဦးသာ သီတဂူစက္ခုဒါနဆေးရုံး၌ ဆေးကုသမှုခံယူနေပြီး ကျန်လူများအားလုံး ရောဂါသက်သာသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး - ၁ ဦးမင်းသူ ထံမှ သိရသည်။
တောင်ပြိုကျေးရွာအား အောက်တိုဘာ ၃ ရက်နေ့မှ စတင်ပြီး ပြည်နယ်ကျန်းမာရေးဦးစီး ဌာနမှ အသွားအလာကန့်သတ်ထားခဲ့ပြီး ဖားကန့်တစ်မြို့နယ်လုံးကို အောက်တိုဘာ ၂၀ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ကြေညာ ခဲ့သည်။
ဖားကန့်မြို့နယ်၌ မဲပေးခွင့်ရှိသူ ပြည်သူ ၁၈၄၀၀၀ ကျော်အတွက် မဲရုံ ၁၀၄ ရုံ စီစဉ်ထားခဲ့ရာ မှ လိုအပ်ချက်အရ မဲရုံတစ်ရုံထပ်တိုးခဲ့သည့်အတွက် လက်ရှိတွင် တစ်မြို့နယ်လုံးတွင် မဲရုံ ၁၀၅ ရုံ အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


