ရှားတော ၁၄ အောက်တိုဘာ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ ပိုမိုတိုးပွား လာစေရန် ရည်ရွယ်၍ အသက်မွှေးဝမ်းကြောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းနှင့် မွေးမြူရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို သရီးဒါးကျေးရွာ၊ ဘောဒါဆောင်၌ ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပထမဦးစွာ ကယားပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အမှာစကား ပြောကြားပြီး၊ လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးညွှန့်ဇော်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသည် သရီးဒါးကျေးရွာ အတွင်းရှိ သင်တန်းသား သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာ(၂၂)နေ့ အထိ (၁၀)ရက်ကြာ ဖွင့်လွှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)