ယူအီးအိတ်ချ်ဘာဒီ၏ တစ်နှစ်ခရီး

၁၉ အောက်တိုဘာ

 

UEHRD သက်တမ်းတစ်နှစ် ပြည့်မြောက်ခဲ့ပြီ။ UE သည် Union Enterprise ဖြစ်သည်။ ပြည်ထောင်စုစီမံကိန်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ ဖြိုးရေးတို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြသည့် စီမံကိန်းဖြစ်သည်။ ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းတစ်နေရာအတွက် အရေးကြီးချိန်တွင် သွေးစည်းညီညွတ်ကြခြင်းလည်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံအတော်များများက ပြစ်တင်ဝေဖန်စွပ်စွဲမှုများထွက်ပေါ်လာသည့်အပေါ် စကားနှင့် တုံ့ပြန်ချေပခြင်းထက် လက်တွေ့လုပ်ဆောင်ချက်များ၊ တိုးတက်မှုရလဒ်များနှင့် ကမ္ဘာကိုပြသသွားနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည့် ပြည်ထောင်စုစီမံကိန်းဖြစ်သည်။

 

 

“ကျွန်မတို့နိုင်ငံအခြေအနေကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မသိနိုင်သလို ကျွန်မတို့နိုင်ငံ အေးချမ်းသာယာဖွံ့ ဖြိုးရေးကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မလိုလားနိုင်ပါဘူး။ ဒါကြောင့် ဒီပြဿနာတွေကို ကျွန်မတို့တွေရဲ့ စုပေါင်းအင်အားတွေကို အဓိကထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်”ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပြည်သူသို့တင်ပြချက်၌ ပြောကြားခဲ့ရာ ရခိုင်ပြည်နယ်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည့် ပြည်ထောင်စုစီမံကိန်းကြီး၏ အနှစ်သာရကို ထင်ဟပ်ပြောကြားခဲ့ခြင်းဖြစ်သည်ကို တစ်နှစ်တာကာလ ပြည့်မြောက်ခဲ့ချိန်တွင် ပြန်လည်ဖော်ပြလိုပါသည်။

 

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသော အခြေအနေများနှင့်စပ်လျဉ်း၍ ဦးစားပေးအလိုက် လုပ်ငန်းကြီးများကို အကောင်အထည်ဖော်ရာတွင် - (၁)လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊(၂) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ (၃) ဒေသဖွံ့ ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးဟူ၍ သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ငွေအား၊ လူအား၊ အကြံဉာဏ်အားတို့ကို ရယူဆောင်ရွက်ခဲ့ရာတွင် ငွေကြေးအားဖြင့် ကျပ်ထောင်ဂဏန်းမှသည် ဘီလီယံများစွာအထိ စေတနာသဒ္ဓါထက်သန်စွာ လှူဒါန်းပါဝင်ခဲ့ကြသလို လုပ်အားပေးကြရာတွင် အနယ်နယ်အရပ်ရပ်မှ လူငယ်များစွာတို့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ပြန်လည်နေရာချထားရေးစခန်းများ တည်ထောင်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ နေအိမ်များ ပြန်လည်တည်ဆောက်ခြင်း၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ အလုပ်အကိုင်ရရှိရေးအတွက်ဆောင်ရွက်ပေးခြင်း စသည့် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

UEHRD ၏ တစ်နှစ်တာခရီးနှင့် စပ်လျဉ်း၍ “အခု ကျွန်မတို့တစ်နှစ်လုပ်ကြည့်ခဲ့ပြီးပြီ၊ လုပ်ကြည့်တဲ့အခါမှာ ကျွန်မတို့ အောင်မြင်သင့်တဲ့ဟာတွေလည်း အောင်မြင်တယ်၊ ကျွန်မတို့ မျှော်လင့်သလောက်မြန်မြန်ဆန်ဆန် မဖြစ်မြောက်တာတွေလည်း ရှိပါတယ်။ အဲဒါတွေကိုလည်းကျွန်မတို့ အရှိအတိုင်းပဲ ရင်ဆိုင်ရမယ်။ ဘာဖြစ်လို့ ကျွန်မတို့တွေ မျှော်လင့်ခဲ့သလို မြန်မြန်ဆန်ဆန် မဖြစ်မြောက်သလဲ၊ ဘယ်မှာအားနည်းချက် ရှိနေသလဲဆိုတာကို ကြည့်ပြီးတော့ ဒီအားနည်းချက်ကို မြင်နိုင်မယ်လို့လည်း ကျွန်မမျှော်လင့်ပါတယ်”ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောခဲ့သည်။

 

 

ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်ဖွယ်တို့မှာ များစွာရှိနေသည်။ အချိန်ကာလများစွာလည်း နောက်ထပ်ဖြတ်သန်းရမည်။ အခက်အခဲအတားအဆီးများ၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားကြရဦးမည်။ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း စိတ်အားတက်ဖွယ်ရာ အောင်မြင်မှုများအပြင် သတိမူဖွယ်၊ သင်ခန်းစာယူဖွယ်များ စသည့် အတွေ့အကြုံများရရှိခဲ့ခြင်းသည်ပင် အကျိုးအမြတ်အဖြစ် ယူဆနိုင်သည်။ ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းတစ်ခုအတွက် ကျန်အစိတ်အပိုင်းများက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း၊ တစ်နည်းအားဖြင့် အရေးကြီး၍ သွေးစည်းခဲ့ကြခြင်းသည်ပင်လျှင် အဖိုးမဖြတ်နိုင်သော ပြည်ထောင်စုစိတ်ဓာတ်အမွေအနှစ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဟူ၍ မုဒိတာပွားနိုင်ပါကြောင်း။ မြန်မာ့အလင်း