ယုံကြည်မှုရှိမှ လုပ်ငန်းများ တိုးတက်အောင်မြင်

mdn

နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

ယုံကြည်မှုသည် လူမှုဘဝနယ်ပယ်တွင် အထူးအရေးပါသော အချက်ဖြစ်သည်။ ယုံနှင့်ကြည်ကို ပေါင်းစပ်ထားသော ထိုစကားနှစ်လုံးသည်လွန်စွာအဖိုးထိုက်တန်ပြီး တန်ဖိုးကြီးမားပေသည်။ ယုံသဖြင့် တစ်ဦးနှင့်တစ်ဦး စိတ်တွင် ကြည်ကြည်လင်လင်ဖြစ်ကာ အစစအရာရာတွင်အဆင်ပြေချောမွေ့နိုင်ပေသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်မှုကို တည်ဆောက်ကြရမည်ဖြစ်ပြီး ယုံကြည်မှုပျက်ပြားပါက အရာအားလုံးပျက်စီးခြင်းသို့ ရောက်ရှိသွားနိုင်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကော့သောင်း မြို့နယ် မကြုံဂလက်ကျေးရွာမှဆလုံတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် မိမိတို့နိုင်ငံ၏ တိုးတက်မှုသည် အဓိကအားဖြင့် အစိုးရ တာဝန်ယူထားသည့်ပုဂ္ဂိုလ်များနှင့် ပြည်သူများ အကြားတွင် ယုံကြည်မှုရှိရန်မှာ အဓိကဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သားများနှင့် အစိုးရတာဝန်ယူထားသော ပုဂ္ဂိုလ်များအကြားတွင် ယုံကြည်မှုရှိပါက မိမိတို့လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယုံကြည်မှုမရှိပါက အောင်မြင်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်စဉ် အစိုးရတာဝန် ယူထားသည့် ပုဂ္ဂိုလ်များအနေဖြင့်ပြည်သူလူထုနှင့် ယုံကြည်မှုတည်ဆောက်ရန် မကြာခဏတိုက်တွန်း ပြောကြားလေ့ရှိသည်။ မြန်မာနိုင်ငံသည် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံတွင် မတူ ကွဲပြားမှုများအပေါ်တွင် ညီညွတ်မှုကို ယုံကြည်မှုဖြင့် တည်ဆောက်ရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရေး၊ လေးစားမှုရှိရေး၊ ယုံကြည်မှုရှိရေးသည် အထူးလိုအပ်သည်။

 

မကြာသေးမီရက်ပိုင်းအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်ခရီးစဉ် အတွင်း ပြည်သူလူထုနှင့်ပြည်နယ်အစိုးရအကြားတွင် နီးနီးစပ်စပ် ဆက်သွယ်မှုမျိုးရှိရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့မှုကို မြှင့်တင်ရန်၊ မကြာခဏထိတွေ့ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များကို ကိုယ်တိုင် ဖြေရှင်းပေးရန် တိုက်တွန်း ပြောကြားထားပြီး ပြည်နယ်နှင့် မြို့နယ်တွင် တာဝန်ယူရသည့်ပုဂ္ဂိုလ်များ အနေဖြင့် ပြည်သူလူထု သိချင်သည်များနှင့် ဖြစ်စေချင်သည်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဖြေရှာကြရ မည်ဖြစ်ကြောင်း၊ ရေတိုတွင်ချွေးသိပ်သည့်အနေဖြင့် မလုပ်ပေးနိုင်သည့်ကိစ္စများကို လုပ်ပေးမည်ဟုအုပ်ချုပ်ရေး က မည်သည့်အခါမျှ မပြောကြရန် မှာကြားထားသည်။

 

ဒေသဆိုင်ရာများတွင် ပြည်သူလူထုအနေဖြင့်လည်း နားလည်မှုပေးရန်၊ နှစ်ဦးနှစ်ဖက် နားလည်မှုရှိရန် လိုအပ်သည်။ နားလည်မှုသည်ယုံကြည်မှုတွင် အခြေခံသလို၊ ယုံကြည်မှုသည်လည်း နားလည်မှုအပေါ် တွင်အခြေခံသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုမရှိဘဲနှင့် ယုံကြည်မှုကိုရရှိရန်မှာ မလွယ်ကူချေ။ ထို့အတူ တစ်ဦးနှင့်တစ်ဦး မယုံကြည်ဘဲနှင့်နားလည်မှုကို တည်ဆောက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် အဖွဲ့အစည်း များအနေဖြင့် ပြည်သူလူထုကြားတွင် နီးနီးကပ်ကပ် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မှန်မှန် ဆက်ဆံပြုမူ လုပ်ကိုင်ကြရန် လိုအပ်သည်။ လက်ရှိအစိုးရသည် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူလူထုကို ဦးစားပေး အလေးထားသည်မှာ အားလုံးအသိပင် ဖြစ်သည်။

 

သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်မှသာ မိမိတို့၏လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှာကြားခဲ့သည့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်ဆောင်ရွက်ပေးသည့် အရေးကိစ္စများအား သိရှိလိုက်နာပြီး အဖွဲ့ အစည်းများနှင့် ပြည်သူလူထုကြားတွင်ယုံကြည်မှု၊ နားလည်မှု၊ ချစ်ခင်မှုရရှိရေးတို့ကို နိုင်ငံ၏အဓိက လိုအပ်ချက်အဖြစ် အလေးထားဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ