ယုံကြည်မှုကျဆင်းနေသော လူ့အခွင့်အရေးကောင်စီ

ဇင်ငြိမ်း

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကနေ အခု အောက်တိုဘာ ၇ ရက်အထိ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်က ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian (အမေရိကန်) က တင်သွင်းခဲ့ပါတယ်။

IIMM အဖွဲ့ဟာ လူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေ ရေးမစ်ရှင် (FFM) ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ အဖွဲ့ဖြစ်ပါတယ်။   FFM   အဖွဲ့ကတော့   ၂၀၁၉ စက်တင်ဘာလမှာ လုပ်ပိုင်ခွင့်ပြီးဆုံးသွားပါတယ်။ FFM က သူတို့ရထားတဲ့ အချက်အလက်အထောက် အထားတွေကို IIMM ဆီ   လွှဲပေးထားခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီဖွဲ့ပေးခဲ့တဲ့  FFM အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘင်္ဂါလီအရေးကိစ္စပဲ ဖြစ်ပါတယ်။  

ဘင်္ဂါလီအရေးကိစ္စလို့ပြောလိုက်ရင်  အဲဒီကိစ္စ ရဲ့နောက်ကွယ်က       ကြိုးကိုင်ခြယ်လှယ်နေတဲ့ အမေရိကန်နဲ့ အိုအိုင်စီတို့ဆိုတာ လူတိုင်းသိတဲ့ကိစ္စပါ။ FFM ဆိုတာကလည်း အမေရိကန်နဲ့ အိုအိုင်စီတို့ ကြိုးဆွဲတဲ့အတိုင်း   ကုလသမဂ္ဂနဲ့လူ့အခွင့်အရေး ကောင်စီတို့က ဖွဲ့စည်းပေးခဲ့တာပါပဲ။ 

 နိုင်ငံတကာအရေးကိစ္စဖြစ်လာ

FFM စဖွဲ့တဲ့ အချိန်တုန်းကတော့ ဘင်္ဂါလီအရေး အတွက် ဦးတည်ခဲ့ပြီး အမေရိကန်နဲ့ အိုအိုင်စီတို့က မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့နဲ့ သူတို့လိုချင်တာတွေ ရဖို့ပါ။ မြန်မာနိုင်ငံကို ဖိအားပေးရာမှာ အမေရိကန်က နိုင်ငံရေးရည်ရွယ်ချက်အတွက်   ဘင်္ဂါလီကိစ္စကို အသုံးချပါတယ်။ အိုအိုင်စီက ဘင်္ဂါလီတွေ မြန်မာနိုင်ငံ သားဖြစ်ဖို့၊ နယ်မြေရဖို့၊ အခွင့်အရေးရဖို့ ရည်ရွယ် ခဲ့ကြပါတယ်။ အမေရိကန်နဲ့အိုအိုင်စီတို့က မြန်မာ နိုင်ငံကို  နည်းလမ်းအမျိုးမျိုးနဲ့  ဖိအားပေးရာမှာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးကောင်စီကို အသုံးချပြီး ဖိအားပေးတဲ့နည်းလမ်းလည်း ပါပါတယ်။  အဲဒီလို ဖိအားတွေကြောင့်  ဘင်္ဂါလီကိစ္စဟာ   နိုင်ငံတကာ အရေးကိစ္စဖြစ်လာပြီး ICJ အထိ ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်  မြန်မာနိုင်ငံ  ၂၀၂၀  ရွေးကောက်ပွဲ နောက်ပိုင်းမှာ   ဘင်္ဂါလီကိစ္စဟာ   အမေရိကန်နဲ့ အိုအိုင်စီတို့ ရည်ရွယ်သလို ဖြစ်မလာတော့ပါဘူး။ ဒီအတွက် ဘင်္ဂါလီကိစ္စအပြင် ၂၀၂၂ နောက်ပိုင်းမှာ ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခတွေကို အသုံးချလာပြန်ပါတယ်။ အကြောင်းပြချက်ကတော့ သူတို့လက်သုံးစကား လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပါပဲ။  အဲဒီအကြောင်းပြချက်တွေဟာ     အမေရိကန်က နိုင်ငံရေးရည်ရွယ်ချက်အတွက်     အသုံးချနေကျ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။
 
 ကုလသမဂ္ဂလည်း နှုတ်ဆိတ်နေ

ဒီမိုကရေစီထွန်းကားရေး၊ လွတ်လပ်ခွင့်ရရှိရေး ဆိုတဲ့ အသုံးအနှုန်းတွေဟာ အမေရိကန်ရဲ့ လက်သုံး စကားတွေပါ။ ဒီအသုံးအနှုန်းတွေသုံးပြီး နောက်ကွယ် က နိုင်ငံရေးအမြတ်ထုတ်တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကို  အမေရိကန်  ကျူးကျော် တိုက်ခိုက်တုန်းကလည်း နိုင်ငံတကာကို ဗြောင်လိမ်ပြီး အီရတ်ကိုဝင်ပြီး တိုက်ခိုက်သွားခဲ့တာ လက်တွေ့ပါပဲ။ အီရတ်မှာ အဖျက်စွမ်းအားကြီးလက်နက်တွေရှိလို့ ဆိုပြီး အမေရိကန်က   ဗြောင်ကျကျလိမ်လည်ပြီး အချုပ်အခြာပိုင်နိုင်ငံတစ်နိုင်ငံကို    ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။         အဲဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂလည်း နှုတ်ဆိတ်နေခဲ့ပါတယ်။ အခုလည်း အဲဒီလိုနည်းလမ်းဟောင်းကြီးအတိုင်းပဲ ဖြစ်ပါတယ်။
အခုလည်း မြန်မာနိုင်ငံကို ဖိအားပေးဖို့အတွက် အမေရိကန်နဲ့အိုအိုင်စီတို့က လူ့အခွင့်အရေးကောင်စီ ကို လက်ကိုင်တုတ်အနေနဲ့ အသုံးချပြီး IIMM အဖွဲ့ကို ဖွဲ့ထားတာကြောင့် IIMM က တင်သွင်းတဲ့စာတမ်း ဆိုတာ အမေရိကန်နဲ့ အိုအိုင်စီတို့ အလိုကျအတိုင်း ရေးထားတာပါပဲ။ 

လူ့အခွင့်အရေးကောင်စီရဲ့ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာဟာ တစ်ဖက်သတ်စွပ်စွဲထားတဲ့ အစီရင် ခံစာသာ ဖြစ်ပါတယ်။ IIMM အဖွဲ့အနေနဲ့က ဆုံးဖြတ် ချက်ချပြီး တရားစွဲအရေးယူလို့မရပေမယ့် မြန်မာ နိုင်ငံအပေါ် ဆုံးဖြတ်ချက်ချဖို့နဲ့ တရားစွဲဖို့အတွက် သက်သေအထောက်အထားအဖြစ်     အသုံးချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ကောင်စီကို တင်သွင်းလာတဲ့ အစီရင်ခံစာပါ အချက် အလက်တွေဟာ တရားမျှတမှု၊ မှန်ကန်မှု၊ ဘက်မလိုက် မှုတွေကို အခြေခံရယူထားတာထက် သူတို့လိုချင်တဲ့ အချက်တွေကိုပဲ    သူတို့လိုလားတဲ့သူတွေဆီက စုဆောင်းထားတာပါ။   နိုင်ငံရေးဘက်လိုက်မှုတွေနဲ့ ရေးထားတဲ့အစီရင်ခံစာကို ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးကောင်စီဆိုတဲ့ အဖွဲ့ကြီးကလည်း   လက်ခံ ဆွေးနွေးခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့  ဒီလိုတစ်ဖက်သတ် လုပ်ဆောင်ခဲ့လို့ လူ့အခွင့်အရေးကောင်စီဟာ ယခင် ကလည်း အရှက်ရစရာတွေ ဖြစ်ခဲ့ပြီးပါပြီ။ ၂၀၁၈ ခုနှစ်က လူ့အခွင့်အရေးကောင်စီက  နုတ်ထွက်ဖို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။ လူ့အခွင့် အရေးကောင်စီဟာ   နိုင်ငံရေးဘက်လိုက်မှုတွေ ရောပြွမ်းနေလို့       နုတ်ထွက်ရတာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက ပြောခဲ့ ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကောင်စီကို ပြုပြင် ပြောင်းလဲဖို့တောင်းဆိုထားတာကို      အကောင် အထည်ဖော်မပေးဘူးလို့ ပြောခဲ့ပါတယ်။ 

 လူ့အခွင့်အရေးကောင်စီအပေါ်
 အထင်ကြီးလေးစားသမျှ ပျောက်ကွယ်သွားပြီလို့ပြော

လူ့အခွင့်အရေးကောင်စီကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောခဲ့တဲ့အထဲမှာ ဒီနှစ် ဆန်းပိုင်းမှာရော     ပြီးခဲ့တဲ့နှစ်တွေအတွင်းကပါ အစ္စရေးနိုင်ငံအပေါ် ဆုံးဖြတ်ချက်ငါးခု ချမှတ်ခဲ့ခြင်း ဟာ တရားမျှတမှုမရှိတဲ့အကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုပိုများတဲ့ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယား သုံးနိုင်ငံအပေါ် ချမှတ်တဲ့ ဆုံးဖြတ်ချက်ထက် ပိုများကြောင်း၊ ဒါကြောင့် တစ်ချိန်က လူ့အခွင့်အရေး ကောင်စီအပေါ်မှာ လေးစားတဲ့အမြင်ထားခဲ့ပေမယ့် အခုကတော့ အထင်ကြီးလေးစားသမျှ ပျောက်ကွယ် သွားပြီလို့ ပြောခဲ့ပါတယ်။ 

လူ့အခွင့်အရေးကောင်စီကို ပြန်ပြင်လို့မရတဲ့ အခြေအနေမဆိုက်ခင်၊ ကောင်စီပြုပြင်ပြောင်းလဲရေး ချက်ချင်းအရေးယူဆောင်ရွက်ကြဖို့ လူ့အခွင့်အရေး ကောင်စီကနေ အမေရိကန်မထွက်ခွာခင်မှာ အဖွဲ့ဝင် နိုင်ငံတွေကို    တိုက်တွန်းခဲ့တယ်လို့     အမေရိကန် နိုင်ငံခြားရေးဝန်ကြီး   မိုက်ပွန်ပီအိုက ပြောခဲ့ပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီအတွက် သိက္ခာကျစရာ၊ အရှက်ရ စရာပါ။ ဒါပေမယ့် လူ့အခွင့်အရေးကောင်စီကတော့ ပြုပြင် ပြောင်းလဲမှုမရှိဘဲ နဂိုအတိုင်း ဘက်လိုက်မှု တွေနဲ့ လည်ပတ်နေတုန်းပါပဲ။

 လိုရင်တစ်မျိုး မလိုရင်တစ်မျိုး

လူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံရေးဘက်လိုက် မှုတွေက လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ပါ။ ပြီးခဲ့တဲ့ မေလအတွင်းက      ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး မီချဲလ်ဘက်ချလက်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ အငြင်းပွားဖွယ်နဲ့ အရှက်ရစရာ ဖြစ်ခဲ့ပြန်ပါတယ်။ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ လက်ခံတဲ့ကိစ္စတွေမှာလည်း ဘက်လိုက်မှုတွေ ရှိခဲ့ပါတယ်။ ကြည့်မယ်ဆိုရင် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီဟာ လူ့အခွင့်အရေးကို အလေးထား တာထက် ဩဇာခံ၊ ကြိုးဆွဲခံနဲ့ နိုင်ငံရေးအသုံးချခံအဖွဲ့အစည်းတစ်ခုဆိုတာထက်မပိုပါဘူး။ လူ့အခွင့် အရေးကို တန်ဖိုးထား၊   အလေးထားတယ်ဆိုရင် လူတိုင်းအပေါ်၊ နိုင်ငံကြီးငယ်မရွေး တန်းတူညီမျှ ဖြစ်ရမှာပါ။
မြန်မာနိုင်ငံနဲ့ဖြစ်နေတဲ့ကိစ္စမှာလည်း အိုအိုင်စီနဲ့ အမေရိကန်အလိုကျ လုပ်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။  မြန်မာနိုင်ငံမှာ  ဘင်္ဂါလီ အရေးဟာ ၂၀၁၁ ခုနှစ်မှ    ဖြစ်ပွားလာတဲ့ကိစ္စ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကောင်စီဖွဲ့စည်းတဲ့ ၂၀၀၆  ခုနှစ်မတိုင်မီကတည်းက  ဖြစ်ပွားနေတာပါ။ ဒါပေမယ့်    မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ ပထဝီနိုင်ငံရေးအမြတ်ထုတ်ဖို့နဲ့ ဘင်္ဂါလီအရေးမှာ အိုအိုင်စီအလိုကျဖြစ်ဖို့ ၂၀၁၇ မှာမှ FFM ဖွဲ့ပြီး ၂၀၁၁ ခုနှစ်ကစပြီး  ကျူးလွန်ခဲ့တာတွေကို   အထောက် အထားယူဖို့လုပ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် လူ့အခွင့် အရေးကောင်စီဆိုတာ လူသားတိုင်း၊ နိုင်ငံတိုင်းကို ကိုယ်စားပြုနေတာမဟုတ်ဘဲ လွှမ်းမိုးနိုင်တဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းအချို့ကိုယ်စား လုပ်ဆောင်ပေးနေတဲ့ လူ့အခွင့်အရေးအမည်ခံအဖွဲ့ပဲ ဖြစ်ပါတယ်။ 

လက်ရှိကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂ၊ အိုအိုင်စီတို့နဲ့ အပြန်အလှန်ဆွေးနွေးပြီး  လက်ဝါး ရိုက်ကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြပါတယ်။ IIMM က တင်သွင်းတဲ့အစီရင်ခံစာပါ အချက်အလက် တွေဆိုတာကလည်း အခြေအနေမှန်၊ အဖြစ်မှန်တွေ ချည်းမဟုတ်ပါ ဘူး။ မြန်မာအစိုးရကို အပြစ်ဖို့လို့ရမယ့် အချက်တွေကိုပဲ စုစည်းဖော်ပြထားပါတယ်။   

ကမ္ဘာမှာ မြန်မာနိုင်ငံထက်  လူ့အခွင့်အရေး ဆိုင်ရာ အညွှန်းကိန်းနိမ့်နေတဲ့ နိုင်ငံတွေရှိပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့ကြီးက  မသိကျိုးကျွန် လုပ်နေပါတယ်။ အဲဒီနိုင်ငံတွေမှာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ အိုအိုင်စီရဲ့ အကျိုးစီးပွားတွေမရှိတဲ့ အတွက် လူ့အခွင့်အရေးကောင်စီက အဲဒီနိုင်ငံတွေရဲ့ လူ့အခွင့်အရေးတွေကို ဂရုမစိုက်သလို ဖိအားပေး ဖို့လည်း မလုပ်ပါဘူး။ ဒီလိုဘက်လိုက်တဲ့အဖွဲ့အစည်း တွေ၊ မျှတမှုမရှိတဲ့ အဖွဲ့အစည်းတွေကြောင့် ကမ္ဘာမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကမ္ဘာ့အဖွဲ့အစည်းကြီးက မထိန်းနိုင်တာတွေ့နေရပါတယ်။ 

နိုင်ငံတွေကို  ကိုယ်စားပြုနေတဲ့   ကမ္ဘာ့အဖွဲ့ အစည်းကြီးကိုယ်တိုင်က ဘက်လိုက်နေရင်၊ မျှတမှု မရှိရင် ဒီအဖွဲ့အစည်းအပေါ် နိုင်ငံတွေရဲ့ ယုံကြည်မှု ကျဆင်းလာမှာ သေချာပါတယ်။   ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ လူသားချင်းစာနာထောက်ထားမှု တို့ဆိုတာ ကိုယ်ကျိုးစီးပွားအတွက်၊ နိုင်ငံရေးအတွက် အသုံးချတဲ့လက်နက်တွေ မဟုတ်ပါဘူး။ ဒီမိုကရေစီကို အလေးထားပါတယ်ဆိုတဲ့  ကမ္ဘာ့အဖွဲ့အစည်းကြီး၊ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် မယ်ဆိုတဲ့ အဖွဲ့ကြီးတွေကိုယ်တိုင်က အဖွဲ့ကြီးရဲ့ ပဋိညာဉ်နဲ့ ရည်ရွယ်ချက်တွေကို ဖောက်ဖျက်နေကြ ပါတယ်။     ဒီလိုအဖွဲ့အစည်းတွေကပြောနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုတာက ဓားသွား ပေါ်က ပျားရည်တစ်စက်လိုပါပဲ။   သူတို့ပြောတဲ့ တရားမျှတမှုဆိုတာက သူတို့ပေတံနဲ့တိုင်းတဲ့ တရား မျှတမှုတွေ ဖြစ်နေပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ ခေတ္တမဟာမင်းကြီးကိုယ်တိုင်က အိုအိုင်စီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ကြိုးဆွဲရာ အတိုင်း “က” နေတာဟာ   ကမ္ဘာ့အဖွဲ့အစည်းကြီး အတွက် သိက္ခာကျဆင်းစေပြီး  အရှက်ရစရာလည်း ဖြစ်ပါတယ်။

 ကမ္ဘာစစ်ကြီးတွေ  ထပ်မံမဖြစ်ပွားဖို့နဲ့ 
 ငြိမ်းချမ်းတဲ့ကမ္ဘာကြီးတည်ဆောက်ဖို့ရည်ရွယ်

ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ် ချက်တွေဟာ  အမှန်တကယ် ကောင်းမွန်ပါတယ်။ လူသားသမိုင်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့  ကမ္ဘာ စစ်ကြီးတွေလို  ထပ်မံမဖြစ်ပွားဖို့နဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ကမ္ဘာ့ လူသားတွေကောင်းကျိုး၊     အနာဂတ်ကောင်းကျိုး တွေအတွက် ဖြစ်ပါတယ်။   ဒါပေမယ့်  ကမ္ဘာ့အဖွဲ့ အစည်းကြီးနဲ့ လက်အောက်ခံအဖွဲ့တွေက ကောင်းမွန် တဲ့ ရည်ရွယ်ချက်တွေကို မျက်ကွယ်ပြု၊ ပဋိညာဉ်တွေ ကို ချိုးဖောက်နေရင်  ကမ္ဘာကြီးမှာ    ပဋိပက္ခနဲ့ မငြိမ်းချမ်းမှုတွေ ပိုတိုးလာဖို့ပဲ ရှိပါတယ်။

ကမ္ဘာမှာ    ပဋိပက္ခတွေ၊     မတည်ငြိမ်မှုတွေ၊ ကျူးကျော်တိုက်ခိုက်မှု၊ ကြားခံစစ်ပွဲ၊ ပြည်တွင်းရေး စွက်ဖက်မှုဆိုတာတွေ     တိုးမြင့်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေက ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံငယ်တွေကို   အသုံးချဖို့ ကြိုးစားနေပါတယ်။ အဲဒီကတစ်ဆင့်ဖြစ်လာတဲ့     အကျိုးဆက်တွေက နိုင်ငံအားလုံးကို ထိခိုက်နေပါတယ်။ ဒီလိုအချိန်မှာ ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့တွေက ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားမျှတရေးတွေ လုပ်ရမယ့်အစား တစ်လွဲဆံပင်ကောင်းပြီး လက်ဝါး ကြီးအုပ် နိုင်ငံကြီးအချို့နဲ့   အဖွဲ့အစည်းအချို့ရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ ဘက်လိုက်နေတာကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ရပ်တည် ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့     လူ့အခွင့်အရေး ကောင်စီရဲ့ ရပ်တည်ချက်ကိုကြည့်ရင်    ပြဿနာ တစ်ရပ်ဖြေရှင်းရေးထက် ပြဿနာပိုမိုကြီးထွားရေး၊ နောက်ကွယ်က အမြတ်ထုတ်လိုသူတွေရဲ့ လိုလား ချက် ပြည့်ဝရေးကို အဓိကရည်ရွယ်တာတွေ့ရပါ တယ်။ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွား လုံးဝမပါ ပါဘူး။ လူ့အခွင့်အရေးကောင်စီရဲ့ ဒီလိုတစ်ဖက်သတ် လုပ်ဆောင်မှုကြောင့် နိုင်ငံတချို့က လူ့အခွင့်အရေး ကောင်စီကို   ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်။ 

အခုဆို လူ့အခွင့်အရေးကောင်စီရဲ့ ဘက်လိုက်မှု၊ မမျှတတာတွေကြောင့် အဖွဲ့အစည်းအပေါ် ယုံကြည်မှု ကျဆင်းနေပါပြီ။ ကမ္ဘာ့အဖွဲ့အစည်းတစ်ခုအပေါ် အဖွဲ့ဝင်နိုင်ငံတွေက ယုံကြည်မှု ကျဆင်းလာတာဟာ အနာဂတ်ကမ္ဘာအတွက် ကောင်းတဲ့အလားအလာ မဟုတ်တာတော့ သေချာပါတယ်။        ။