YRTA သာမက အခြားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက်ကိုပါ ဥပဒေရေးဆွဲရန် စီစဉ်ဆောင်ရွက်မည်

ရန်ကုန် ၁ ဇွန် 

 

YRTA နှင့် စပ်လျဉ်းပြီး ဥပဒေရေးဆွဲဆောင်ရွက်သည့်အခါတွင် လိုအပ်ချက်အရ YBS နှင့် အခြားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများအတွက်ကိုပါ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

 

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၏ မေးခွန်းမေးမြန်မှုကို ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က YBS စနစ်တွင် ဥပဒေမရှိဘဲ ဆောင်ရွက်နေခြင်းမှ ဥပဒေတစ်ခုရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် YRTA နှင့်ပတ်သက်၍ ဥပဒေ တစ်ခုရေးဆွဲပြီး ဖွဲ့စည်းဆောင်ရွက်ပေးခြင်းဖြင့် YBS, Water Taxi, Taxi များကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။

 

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သွားလာလျက်ရှိသော ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရန် တိုင်းဒေသကြီးလွှတ်တော်၌ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေကို ပြဌာန်းခဲ့ပါကြောင်း၊ အဆို ပါဥပဒေတွင် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များမှ စုဖွဲ့သောမော်တော်ယာဉ်လိုင်းများ၊ ၄င်းအသင်းတို့ကို ကြီးကြပ်သည့် ကော်မတီများ၊ ကော်မတီများကို ကြီးကြပ်ကွပ်ကဲရေးအတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ် ခြင်း၊ ၄င်းဥပဒေတွင် ပုဂ္ဂလိကမော်တော်ယာဉ်များအား တစ်ဦးချင်းပိုင်စနစ်မှသည် ခေတ်စနစ်နှင့်အညီ ပုဂ္ဂလိက ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများပြေးဆွဲသည့်စနစ်သို့ အဆင့်ဆင့် အသွင်ကူးပြောင်းရန် ပြဋ္ဌာန်းထားပါကြောင်း၊

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်တာဝန်ယူချိန်၌ တိုင်းအတွင်းခရီးသည်ပို့ဆောင်ရေးစနစ်မှာ ၂၀၁၄ ခုနှစ်၊ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေနှင့်အညီ ပြောင်းလဲဖွဲ့စည်းမှုကို မဆောင် ရွက်နိုင်သေးဘဲ မထသကော်မတီကြီးကြပ်သောစနစ်ဖြင့်သာ ဆောင်ရွက်နေဆဲ ရှိနေသည့် အခြေအနေတွင် ခရီး သွားပြည်သူများ အဆင်မပြေမှုများ၊ လုံခြုံစိတ်ချမှုအားနည်းခြင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေတွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများ ပြေးဆွဲသောစနစ်ဖော်ဆောင်နိုင်မည် ဟု ယူဆရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မထသ ကော်မတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာဉ်ပိုင်ရှင်ကိုယ်စားလှယ်များအား တွေ့ဆုံပြီး ပိုမိုကောင်းမွန် သောအများပိုင်ကုမ္ပဏီများဖြင့် ရန်ကုန်ဘတ်စ်ကားစနစ်ကို ပြောင်းလဲရန် အသိပေးပြောကြားခဲ့ပါကြောင်း၊ 

 

YBS စနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ ကြီးကြပ်စီမံလျက်ရှိကြောင်း၊ YBS မှာ YRTA ၏ စီမံမှုအောက်မှ ပြည်သူလူထု သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ်မှ စတင်၍ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး (မထသ)ကို တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၌ မထသကို ဖျက်သိမ်း၍ YBS စနစ်ကို တည်ဆဲဥပဒေ များနှင့်အညီ ဖော်ဆောင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူများ၏ ပံ့ပိုးမှုဖြင့် ပြောင်းလဲဖော် ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ 

 

၂၀၁၄ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေအရ ပြောင်းလဲ ဖော်ဆောင်ချိန်တွင် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သတ်မှတ်ချက်များနှင့် မညီညွတ်တော့သည့်အတွှက် လက်ရှိအကောင်အထည်ဖော်မှုနှင့် ညီညွတ်သည့်ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်း နိုင်ရန် လေ့လာညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ထိုသို့ စီမံဆောင်ရွက်နေသည့်အချိန် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ်ဆောင်ရွက်ပေးရန်လိုအပ်သော အများပြည်သူသယ်ယူပို့ ဆောင်မှုကို စီမံဆောင်ရွက်ကြီးကြပ်ပေးနိုင်ရန် YRTA ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး YBS မှာ YRTA အောက်မှ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းရန် ဆောင်ရွက်နေစဉ် YRTA အာဏာ သက်ရောက်နိုင်ရန်အတွက် နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်၊ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသ ကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များအဖြစ် မြို့တော်ဝန်ကြီးနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့အတွင်းရေးမှူး၊ ရဲမှူးချုပ်၊ ဥပဒေချုပ်၊ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ၊ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်တကွ တိုင်းအဆင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် လုပ်ငန်းကျွမ်းကျင် အထောက်အကူပြုသူ များအားလုံးကို ထည့်သွင်းဖွဲ့စည်းထားသော YRTA ရှိပါကြောင်း၊ 

 

တပ်မတော်အစိုးရလက်ထက်ကတည်းက ဖွဲ့ စည်းခဲ့သည့် တိုင်းဒေသကြီး ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီတို့မှလည်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ လိုက် နာဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အစိုးရလက်ထက်မှ အမိန့်ညွှန်ကြားချက်ဖြစ်သော ဘတ်စ်ကား လိုင်းများနှင့်ကုန်တင်ယာဉ်များအပါအဝင် အများပြည်သူနှင့်သက်ဆိုင်သောယာဉ်လုပ်ငန်းများကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ၁၃၈ ချက်နှင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနနှင့်တကွ လုပ်ငန်းလိုင်စင်ဌာနအသီးသီးမှာ ပြည်ထောင်စုအဆင့်ထုတ်ပြန်ထားသော ဥပဒေများ လည်း အသီးသီးရှိပါကြောင်း၊ YRTA နှင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စည်း ကမ်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 

 

YRTA နှင့် စပ်လျဉ်းပြီး ဥပဒေရေးဆွဲဆောင်ရွက် သည့်အခါတွင် လိုအပ်ချက်အရ YBS နှင့် အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်ကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဥပဒေကို ဆောင်ရွက်နေစဉ်ကာလတွင် Water Bus နှင့် Taxi ကဲ့သို့သော အသွင်သဏ္ဍန် မတူသည့် ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း ညွှန်ကြားချက်များ၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေများကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် တည်ဆဲဥပဒေများအရ Water Bus ပြေးဆွဲရန်အတွက် Water Bus သာမက ရေကြောင်းတွင်သွားလာနေသည့် ယာဉ်များနှင့်ပတ်သက်၍ ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဥပဒေ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ အစရှိသော ဥပဒေများနှင့်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဆိပ်ကမ်းနှင့်ပတ်သက်ပါက ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဥပဒေ၊ ဆိပ်ကမ်းအာဏာပိုင်ဥပဒေများနှင့် ညီညွတ်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းတံတားဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၏ လမ်းဦးစီး၊ တံတားဦးစီးအသီးသီးတို့ရှိ ဥပဒေများနှင့် ညီညွတ်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားခဲ့သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း