ယဉ်ကျေးသိမ်မွေ့ ခြင်းဖြင့်လှူအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုမြှင့်တင်

၂၂ ဇူလိုင်

“ယဉ်ကျေးမှု” ဟူသည့် စကားရပ်ကို (၁) သိမ်မွေ့ပြေပြစ်သောတတ်သိမှု၊ (၂) တိုးတက်ထွန်းကားသော လူမှုအဆင့်အတန်း၊ (၃) အစဉ်အလာအားဖြင့်  ထိန်းသိမ်းတည်ရှိသော  ဓလေ့ထုံးတမ်းဟူ၍  မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော တိုင်းပြည်၊ ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်တိုင်းပြည်ဟူ၍လည်း မိမိတို့ကိုယ်ကိုယ်    မိမိတို့  ခံယူထားကြသည်။  သို့ရာတွင်  အတတ်ပညာ၊ နည်းပညာတို့  လွှမ်းမိုးလာသည့်    ယနေ့အချိန်အခါတွင်မူ    လျင်မြန်စွာ ပြောင်းလဲလာနေသည့်  ဓလေ့စရိုက်များ၊ တန်ဖိုးထားခံယူလာကြသည့် စံနှုန်းများ၊  လူ့အပြုအမူ  အကောင်းအဆိုး  အမှားအမှန်တန်ဖိုးများနှင့် စပ်လျဉ်း၍မူ ဝေဖန်ဆန်းစစ်မှုများ ပြုလာကြရပြီဖြစ်သည်။

ကိုလိုနီခေတ်မတိုင်မီက မြန်မာနိုင်ငံ၏ ပညာရေးအချက်အချာများမှာ  ဘုန်းတော်ကြီးကျောင်းများဖြစ်ကြသည်။  ရဟန်းသံဃာများအနေဖြင့် ဝိနည်းသိက္ခာပုဒ်စည်းကမ်းများကြောင့်  ကိုယ်တိုင်က  ကိုယ်အမူအရာ၊ နှုတ်အမူအရာ        ယဉ်ကျေးသိမ်မွေ့သော        ပုဂ္ဂိုလ်များဖြစ်ကြသလို ကျောင်းသားများ၊    သာမဏေများကိုလည်း    ယဉ်ကျေးလိမ္မာသူများ ဖြစ်ကြစေရန်၊  လောကအရေး၊    ဓမ္မအရေးတို့တွင်      အဆင့်အတန်းရှိရှိ တတ်သိနားလည်သူများဖြစ်ကြစေရန် သင်ကြားပေးခဲ့ကြ၊ ဆုံးမသွန်သင် ခဲ့ကြသည်။ ရှေးခေတ်ဘုန်းတော်ကြီးကျောင်းများ၏ လက်သုံးဆုံးမစာများတွင်      ရှင်မဟာသီလဝံသ၊    ရှင်မဟာရဋ္ဌသာရ၊    ကျည်းကန်ရှင်ကြီး၊ တောင်ဖီလာဆရာတော်၊  ဆားတုံဆရာတော်တို့၏  ဆုံးမစာများသည် ထင်ရှားပြီး ရှင်သာမဏေများနှင့် ကျောင်းသားများကို လိမ္မာယဉ်ကျေး စေခဲ့သည်။

မိဘဘိုးဘွားတို့ကို ကျွေးမွေးပြုစုကြရန်၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းတို့ ချစ်ခင်စည်းရုံးကြရန်၊ သူတစ်ထူး၏ကျေးဇူးကို သိတတ်ရန်၊ စကားပြောချိုသာရန်၊ ခိုက်ရန်ဒေါသ မာန်မာနတို့ကို  ချုပ်တည်းကြရန်၊ အရက်သေစာကို  မသောက်စားကြရန်၊ သတ္တဝါများကို  ကြင်နာသနား ရန်....  စသည်  စသည်ဖြင့်  ဘဝတစ်သက်တာပတ်လုံး  လူ့ပတ်ဝန်းကျင် ရပ်ရွာအသိုင်းအဝိုင်းတွင်  ဥစ္စာရှာဖွေ  ရှင်သန်ကျက်စားပေါင်းသင်းနေထိုင်ရမည့် နည်းလမ်းများအားလုံး မကြွင်းမကျန်အောင်ပင် ဆုံးမစာများတွင် ရေးသား၍ လိမ္မာရေးခြားရှိအောင် သွန်သင်ခဲ့ကြသည်။

“ငြိမ်သက်ဣန္ဒြေ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန်၊ တော်လွန် မှန်လျက်၊ စိတ်မှာမနှောင့်၊ နှုတ်လက်စောင့်သည်၊ သူကောင်းသွေးရည်၊ ပီလှစေ” ဟူ၍ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသောဣန္ဒြေတို့ တည်ကြည်စေရန် သတိပေးသကဲ့သို့ပင် “ရပ်သူရွာသား၊ သူကောင်းများ၏၊ နားမှာမဆံ့၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊ ကိုယ်လက်နွမ်းအောင်၊ မသွမ်းမကျင့်ကြလေနှင့်” ဟူ၍ အပြောအဆို မကြမ်းတမ်းစေရန်လည်း ဆုံးမခဲ့သည်။  ကိုယ်ကျင့်တရားကောင်းမွန်ရန်၊  တရားနည်းလမ်းတကျ စီးပွားရှာရန်၊  ပညာကိုကောင်းစွာ   တတ်မြောက်အောင်   သင်ယူရန်၊ လောင်းကစားကို  ရှောင်ကြဉ်ပြီး မပျင်းမရိ ဥစ္စာစီးပွားကို ရှာဖွေစုဆောင်း ရန်တို့ကိုလည်း ဆုံးမစာတို့တွင် ထည့်သွင်းဖော်ပြဆုံးမခဲ့ကြသည်။

ဗဟုသုတပြည့်စုံကြွယ်ဝကြစေရန်  “မှတ်ဖွယ်မှတ်ရာ၊  ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ဟူ၍ ဆုံးမထားသကဲ့သို့ “ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊  သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေ စကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊  ရှိသည်သာတည့်” ဟူ၍ ဖြစ်ပေါ်လာမည့်အကျိုးကို ထုတ်ဖော်ပြထားသည်။ ဆုံးမစာတို့သည်လည်းကောင်း၊ ဆရာသမားတို့၏  ဆုံးမသွန်သင်မှုသည်လည်းကောင်း   တပည့်သားတို့အပေါ်      ကောင်းစေလိုခြင်းဖြစ်သည့်အလျောက်      ဆုံးမဩဝါဒတို့ကို နားမထောင်၊ မကြားသယောင်ပြုကာမလိုက်နာပါက လက်ရှိဘဝပစ္စုပ္ပန်နှင့်တကွ သံသရာတွင်ပါ  ချမ်းသာမှုမှဝေး၍  တစ်ဘဝပြီးတစ်ဘဝ ဆင်းရဲလိမ့်မည်ဖြစ်ကြောင်းကိုလည်း ထောက်ပြသွန်သင်ခဲ့ကြသည်။

ယဉ်ကျေးသိမ်မွေ့ခြင်း၊  လိမ္မာခြင်းတို့သည်  ဆုံးမပဲ့ပြင်သွန်သင်ခြင်း၏ အကျိုးရလဒ်ပင်ဖြစ်သည်။ ယဉ်ကျေးမှုနိမ့်ကျလာခြင်း၊ ရိုင်းလာခြင်းတို့သည်   ဆုံးမသွန်သင်မှုတို့     ပိုမိုပြုလုပ်ရန်   လိုအပ်နေသည်။   သို့မဟုတ် ဆုံးမသွန်သင်မှုနည်းလမ်းတို့ကို  ခေတ်နှင့်အညီ ထိရောက်မှုရှိစေရန်ပြုပြင် ပြောင်းလဲဖို့  လိုအပ်နေသည်ကို  ပြဆိုနေခြင်းဖြစ်သည်ဟု  ယူဆမိသည်။ မည်သို့ဆိုစေ ယဉ်ကျေးသိမ်မွေ့ ခြင်းသည် အဖွဲ့အစည်း၏အဆင့်အတန်းကို ပြသခြင်းပင်ဖြစ်သည့်အလျောက်  လူတိုင်းကိုယ်စီကျင့်သုံးနိုင်ကြပါစေ ကြောင်း။

မြန်မာ့အလင်း