ယွန်းထည်ဖြင့် တီထွင်ဖန်တီးထားသည့် စေတီ၊ ပုထိုး ပုံစံငယ်များကို စိတ်ဝင်တစား ဝယ်ယူမှုများ ရှိနေ

ရန်ကုန်၊ ဧပြီ ၁၈

ယန်းပညာဖြင့် တီထွင်ဖန်တီးထားသည့် ယွန်းထည် စေတီ၊ ပုထိုးပုံစံများကို စိတ်ဝင်တစား ဝယ်ယူမှုများရှိနေကြောင်း စွန့်ဦးတီထွင်ဖန်တီးသူ ဦးသိန်းနိုင်ကဆိုသည်။

ပုဂံဒေသရှိ တန်ခိုးကြီး စေတီ၊ ပုထိုးပုံစံငယ်များကို မြန်မာပြည်အနှံ့မှ ပူဇော်လိုသူများ ပူဇော်နိုင်စေရန် စတင်တီထွင်ဖန်တီးခဲ့ရာမှ လူစိတ်ဝင်စားမှုများ‌၍ ပုဂံဒေသအပြင် အခြားနေရာအချို့မှ စေတီ၊ ပုထိုးပုံစံငယ်များကိုပါ ဆက်လက်ပြုလုပ်‌ပေးနေရကြောင်း သိရသည်။

လက်ရှိတွင် အဆူသုံးဆယ်ခန့်ဖန်တီးထားကာ ရွှေတိဂုံစေတီ၊ ဓမ္မရံကြီးစေတီတော်၊ သဗ္ဗညု၊ အာနန္ဒာဘုရား၊ ကျောက်မျက်မှော်ဘုရား၊ ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၊ ရွှေဆံတော်ဘုရား အစရှိသဖြင့် နာမည်ကြီးဘုရားများ ပါဝင်ကြောင်းသိရသည်။

 

mdn

 

"မံယွန်းနဲ့ ယွန်းထည်နှီးဘုရား (ဝါးနှီးဘုရား) ဆိုပြီး နှစ်မျိုးတီထွင်ဖြစ်တယ်။ ယွန်းထည်တော့ ယွန်းထည်အတူတူပါပဲ။ ယွန်းထည်မှာကျရင် အောက်ခံကကွဲသွားတာ။ အောက်ခံအသားနဲ့ လုပ်ထားတာဆို အသားယွန်းထည်ပေါ့။ ဝါးလေးတွေ တစ်ခုချင်းစီ ဆက်ဆက်ပြီးကပ်တာဆို ဝါးယွန်းဘုရားပေါ့။ မံယွန်းဆိုတာက အောက်ထည်က အဝတ်စနဲ့ ပစ္စည်းနဲ့ကပ်ပြီး ယွန်းထည်လုပ်တာဆိုတော့ မံယွန်းပေါ့။ စိတ်ဝင်စားမှုလည်းရှိကြပြီး မှာယူသူတွေလည်း ရှိကြပါတယ်။ ပစ္စည်းတီထွင်ပြီးသလောက်နဲ့ ဝယ်ယူပူဇော်မှုက ကွက်တိလောက် ကျပါတယ်"ဟုဦးသိန်းနိုင်က ရှင်းပြသည်။

ယွန်းထည်နှီးဘုရားကို ဝါးနှီးဖြင့်ပြုလုပ်ရာတွင် တစ်ဆစ်ခန့်ဝါးများကိုဖြတ်၍ အုတ်စီသကဲ့သို့ တစ်ဆင့်ချင်း အချိန်ကြာမြင့်စွာ ပြုလုပ်ရသဖြင့် ဘုရားတစ်ဆူလျှင် လေးလဝန်းကျင်ခန့်အထိ ကြာမြင့်ပြီး ဘုရား၊ စေတီတစ်ဆူလျှင် ခန့်မှန်းဈေးနှုန်း ကျပ်သိန်း (၂၀) ဝန်းကျင်အထိရှိကြောင်းနှင့် မံယွန်းဘုရားပြုလုပ်ရာတွင် တစ်လဝန်းကျင်ခန့်သာကြာပြီး စျေးနှုန်းမှာ ကျပ် (၁၀) သိန်းဝန်းကျင်ခန့် ဈေးနှုန်းရှိကြောင်းသိရသည်။

“အခုလက်ရှိလုပ်နေတဲ့ပုံစံတွေက ဉာဏ်တော်အ‌နေနဲ့က ၁ ပေခွဲ၊ ၁၉ လက်မ၊ လက်မ ၂၀၊ ၂ ပေလောက်တွေ များပါတယ်။ ဘာကြောင့်လဲဆိုရင် ဝယ်ယူပူဇော်ချင်တဲ့သူတွေအနေနဲ့ ဘုရားဆောင်ထဲမှာပဲ ထားထား၊ ပူဇော်မယ်ဆိုရင်လည်း ဓမ္မာရုံနဲ့ပဲထားထား တင့်တယ်တယ်လေ။ ရွှေပူဇော်ချင်တယ်ဆိုရင်‌ ဝယ်တဲ့သူက မှာပေးရတယ်” ဟု၄င်းကဆိုသည်။

 

မံယွန်းဘုရားနှင့် ဝါးနှီးဘုရားနှစ်မျိုးလုံး ခိုင်ခံ့သပ္ပါယ်မှုရှိကာ မှာယူလိုသူများအနေဖြင့် မိမိအလိုရှိရာ အရွယ်အစားကို မှာယူနိုင်ကြောင်း သိရသည်။

MT