ယင်းမာပင်ရေလျှံဇုန်အတွင်း ယခုနှစ်နွေရာသီတွင် သီးနှံမျိုးစုံ ဧက ၄၀ဝ၀ ကျော်စိုက်ပျိုးမည်

ယင်းမာပင် ၁၀ မတ်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက်ရာသီတွင် ယင်းမာပင်ရေလျှံဇုန်အတွင်း နွေးစပါး၊ နွေနှမ်း၊ မိုးကြို ပဲတီစိမ်းနှင့် မိုးကြို ဝါ စသည့် သီးနှံမျိုးစုံ ၄၁၆၄ ဧကစိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းထံမှ သိရသည်။

 

“အခုနှစ်နွေသီးနှံစိုက်ပျိုးရာသီမှာ မြေအောက်ရေနည်းတဲ့အတွက် နွေသီးနှံစိုက်ပျိုးမှုတွေကို လျှော့ချထားတယ်၊ အများအားဖြင့် ရေနည်းလို့ သီးနှံတွေ ဦးစားပေးစိုက်ပျိုးသွားဖို့ စီစဉ်ထားတယ်၊ အခုနှစ်မှာ ထူးခြားတာက နှမ်းဈေးကောင်းတဲ့အတွက် နွေနှမ်းကိုစိုက်တာများတယ်၊ ရေလျှံဇုန်အတွင်းမှာက နွေသီးနှံစိုက်ပျိုးချိန်က တစ်ခြားနေရာတွေထက် စိုက်ချိန်နောက်ကျတယ်၊ အခုမိုးသီးနှံတွေ ရိတ်သိမ်းနေကြပြီ၊ တစ်ချို့ဆို ရေသွင်းထယ်ရေးပြင်တာတွေ လုပ်နေတယ်၊ ပြီးတာနဲ့ စိုက်ပျိုးဖို့လုပ်နေပြီ၊ နွေစပါးဆို ပျိုးထောင်တာတွေလုပ်နေပြီ”ဟု ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းက ပြောသည်။

 

ယင်းမာပင်ရေလျှံဇုန်အတွင်း စိုက်ပျိုးမည့်အစီအစဉ်အဖြစ် မိုးစပါး (၅၆၈)ဧက၊ နွေနှမ်း (၂၃၃၂)ဧက၊ မိုးကြို ပဲတီစိမ်း (၁၀၄၅)ဧကနှင့် မိုးကြို ဝါ (၂၁၉)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက်ပျိုး ရာသီက ယင်းမာပင်ရေလျှံဇုန်အတွင်း မိုးစပါး၊ နွေနှမ်း၊ မိုးကြို ပဲတီစိမ်း နှင့် မိုးကြို ဝါ  စုစုပေါင်း (၆၆၁၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)